Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။

အာရက္ခတပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးထားပြီး အဆိုပါစစ်ဘေးဒုက္ခသည်များမှာ ရခိုင်ပြည် ဂွမြို့ဒေသခံများဖြစ်ကြသည်။

ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများကြောင့် ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြသည့် ဂွနှင့် သံတွဲက ဒေသခံများအပြားရှိကြသည်။

“သူတို့တွေက စစ်ရှောင်တွေပါ။ အရပ်သားပြည်သူတွေဖြစ်ကြပါတယ်။ ဘာလက်နက်ကိုင်အဖွဲ့နဲ့မှလည်း ဆက်သွယ်တာ၊ ဆက်စပ်တာမရှိပါဘူး။ ကိုယ့်ဒေသမှာ တိုက်ပွဲတွေကြားမှာ ညှပ်ပြီး အသက်အန္တရာယ်စိုးရိမ်းရလို့ စစ်ရှောင်လာကြတဲ့သူတွေပါ။ ဘာအဖြစ်မှမရှိပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု မိသားစုဝင်များနှင့်နီးသူတစ်ဦးက တောင်းဆိုထားသည်။

ဧရာဝတီတိုင်းထဲ ဝင်ရောက်ခိုလှုံနေကြသည့် ရခိုင်စစ်ရှောင်ဒုက္ခသည်များကို အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက အသည်းအသန် လိုက်လံစစ်ဆေးခြင်းများ၊ နှင်ထုတ်ခြင်းများကို ပြုလုပ်နေသည်။

“ရေကြည်လို့ မဟုတ်ဘူး။ ပုသိမ်းခရိုင်ထဲမှာလည်း ရခိုင်စစ်ရှောင်တွေဆိုရင် မရမက ရှာဖွေစစ်ဆေးမှုတွေလုပ်တယ်။ မသင်္ကာရင် ဖမ်းခေါ်သွားတယ်။ တချို့က ပိုက်ဆံပေးပြီး ပြန်လွတ်လာတယ်။ တချို့က ပြန်မလွတ်ကြဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ဧည့်စာရင်းတိုင်ရင် ငွေအများကြီးတောင်းတယ်။ ပြီးတော့ ရေရှည်နေခွင့်မပေးဘူး။ တခြားနေရာတွေကို ရွှေ့ခိုင်းတယ်” ဟု ပုသိမ်ရောက် ရခိုင်စစ်ရှောင်တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၆ ရက် နံနက်ကလည်း ရေကြည်မြို့နယ် စောပြာကျေးရွာကို လာရောက်ခိုလှုံသည့် ရခိုင်စစ်ရှောင် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ရခိုင်ဘက်ကလာသည့် စစ်ရှောင် ၅ ဦးကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀ ဦးကို ပုသိမ်မြို့နယ် ငရုတ်ကောင်းမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

ဧရာဝတီတိုင်းထဲတွင် ယခု ဖမ်းဆီးခံရသည့် စစ်ရှောင်များအပါအဝင် ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် ၆၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ရခိုင်စစ်ရှောင်များက ခန့်မှန်းပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ