တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ဒီဇင်ဘာ ၂၄ ရက်တွင် ကျရောက်သော (၇၇) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၁၂၆၀ ရေမိုင် ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝ အလှတရားများစွာတို့ဖြင့် ပြည့်နှက်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ပြီးပြည့်စုံပြီး အဖိုးတန်လှသည့် မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်နိုင်ရေးအတွက် တပ်မတော် (ရေ)ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာစေရေး စဉ်ဆက် မပြတ် တိုးချဲ့တည်ဆောက်ပေးနေခြင်းပင်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်(ရေ)ကို ပထမအဆင့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော ရေတပ်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ် ပြင်များသို့ ဖြန့်ကျက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ်သို့ တက်လှမ်းနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု မင်းအောင်လှိုင်က ဆိုသည်။



ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကျက်နိုင်စွမ်းရှိသည့် ရေတပ်ဖြစ်စေရန် တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ မဖြစ်မနေလိုအပ်မည်ဖြစ်၍ ရေယာဉ်များ ဆက်လက်တည်ဆောက်မည်ဟု သိရသည်။
အဆိုပါ နှစ်ပတ်လည်နေ့တွင် တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး “သာလွန်မင်း” အား ရေချပေးခြင်းနှင့် ၆၃ မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် (၂) စီးအား တပ်တော်ဝင် စေခဲ့သည်။
၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးသည် လိုသလိုရွေးချယ်ပြောင်းလဲအသုံးပြုနိုင်သည့် ဂီယာ စနစ်ပါဝင်သည့်ဒီဇယ် (သို့မဟုတ်) Gas Turbine ပေါင်းစပ်မောင်းနှင်မှုစနစ် (Combination of Diesel or Gas – CODOG) ကို တပ်ဆင်ထားသည့် စစ်ရေယာဉ်ကြီး ဖြစ်ကြောင်း သိရသည်။



“ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်အသစ်များကိုတည်ဆောက်ကာ ဝယ်ယူအသုံး ပြုသူအဆင့်မှ ကိုယ်တိုင်တည်ဆောက်သူ (Buyer to Builder) အဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ကြွားလုံးထုတ် ပြောဆိုခဲ့သည်။
သို့သော်လည်း ရခိုင်နှင့် ကချင်ပြည်နယ် စစ်မျက်နှာပြင်တွင် ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း (သံတွဲ)၊ စစ်ရေယာဉ်အများအပြားနှင့် နေဗီသင်္ဘောများ ၁၀ စီးထက်မနည်း မြန်မာစစ်တပ်မှာ ဆုံးရှုံးထားရပြီဖြစ်သည်။
1 Comment
87825f
Comments are closed.