Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဧရာဝတီဒေသ ရေကြည်မြို့နယ်အပါအဝင် ပုသိမ်ခရိုင်အတွင်း ခိုလှုံရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များကို အတင်းအဓမ္မ ဖိအားပေး ရွှေ့ပြောင်းမှုများ မလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုကြောင်း သိရသည်။

ဧရာဝတီတိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်စစ်ဘေးရှောင်ပြည်သူများအား လူသားတစ်‌ယောက်၏ လွတ်လပ်စွာ‌ရွှေ့ပြောင်းနေထိုင်ခွင့်အား လေးစားလိုက်နာ၍ စစ်ဘေးရှောင်ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ရေကြည်မြို့နယ်၊ ခွေးတောက်ကွက်သစ်အုပ်စု၊ ကုန်းပြင်အနီးဝန်းကျင်နှင့် တစ်ခြားဧရာဝတီတိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အတင်း‌ရွှေ့ပြောင်းကြရန် သက်ဆိုင်ရာတာဝန်ရှိ‌သူများမှဖိအား‌ပေး ဆောင်ရွက်နေသည်ဟု ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။

“ဧရာဝတီတိုင်းရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို ၂၃ ရက် ၁၂ လပိုင်း ၂၀၂၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေပေါ့လေ၊ စကစ တပ်သားတွေနဲ့ ရေကြည်မြို့နယ် ခွေးတောက်ကွက်သစ်နဲ့ ကုန်းပြင်မှာရှိတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူပေါ့။ အဓိကအားဖြင့် ဂွမြို့က စစ်ဘေးရှောင်ပြည်သူတွေ များတယ်။ ကုန်းပြင်မှာဆိုရင် အိမ်ထောင်စုအားဖြင့် ၂၀၀ လောက်ရှိတယ်။ လူဦးရေအားဖြင့်ဆိုရင် ၉၀၀ လောက်ရှိတယ်။ ဒီစစ်ဘေးရှောင်ပြည်သူတွေကို ၂၃ ရက်နေ့က သူတို့က ဘာပြောလဲဆိုလို့ရှိရင် နှစ်ရက်အတွင်းပေါ့လေ လက်ရှိနေထိုင်ကြတဲ့ နေရာတွေကနေ အတင်းရွှေ့ပြောင်းမယ်ဆိုပြီးတော့ စစ်ကောင်စီဘက်က ဖိအားပေးထားတာရှိတယ်” ဟု ပြောသည်။

တိုက်ပွဲပြင်းထန်လျှက်ရှိနေသော ဂွမြို့နယ်အတွင်းသို့ စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းဘက်ကနေ စစ်အင်အားဖြည့်တင်းခြင်း၊ လက်နက်အင်အား ပို့ပေးခြင်းနှင့် လေယာဉ်အတက်အဆင်းပြုလုပ်ခြင်းတို့ကို အာရက္ခတပ်တော် AA ထံ ဧရာဝတီရောက် ရခိုင်စစ်ရှောင်များက စစ်ရေးသတင်းများ ပေးသည်ဟုဆိုကာ စွပ်စွဲပြစ်တင်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက နှင်ထုတ်နေကြခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ဖိအားကြောင့် အခက်အခဲဖြစ်ပေါ်နေကြရသည့် ဧရာဝတီရောက် ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူများအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် တတ်နိုင်သည့်ဘက်မှ အကောင်းဆုံး ကူညီထောက်ပံ့သွားမည်ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပြောဆိုထားသည်။

“ဒါက သတ်သတ်မဲ့ ညစ်တာပါ။ ကိုယ့်ဟာကိုတောင် ဘယ်လို စားသောက်နေထိုင်ရမလဲ ပူပန်နေရတဲ့အထဲ အဲလိုလုပ်ရပ်တွေ လုပ်ဖို့ အချိန်မရှိပါဘူး။ ဘာသတင်းမှ လည်း မပေးကြပါဘူး။ အကုန်လုံး အိုးအိမ်စွန့်ပစ်ထွက်ပြေးလာရလို့ မိသားစုပူပန်မှုတွေနဲ့ပဲ လုံးပန်းနေရတာပါ။ စစ်ကောင်စီက စွပ်စွဲနေတာဖြစ်ပါတယ်။ ဒီမှာရောက်နေကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ နေ့စဉ် ထမင်းနပ်မှန် အကုန်လုံးက ရုန်းကန်နေရတဲ့သူတွေပါ။ အဲလိုမျိုး အန္တရာယ်ကျရောက်နိုင်မယ့် အလုပ်တွေကို မလုပ်ကြပါဘူး” ဟု ငါးသိုင်းချောင်းရောက် ရခိုင်စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။

အာရက္ခတပ်တော် AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရောက် ရခိုင်တိုင်းသား စစ်ရှောင်ပြည်သူ ၁၀ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သိရသည်။

ဧရာဝတီတိုင်းထဲ ဝင်ရောက်ခိုလှုံနေကြသည့် ရခိုင်စစ်ရှောင်ဒုက္ခသည်များကို အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက အသည်းအသန် လိုက်လံစစ်ဆေးခြင်းများ၊ နှင်ထုတ်ခြင်းများကို ပြုလုပ်နေသည်။

နိုဝင်ဘာလ ၁၆ ရက် နံနက်ကလည်း ရေကြည်မြို့နယ် စောပြာကျေးရွာကို လာရောက်ခိုလှုံသည့် ရခိုင်စစ်ရှောင် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ရခိုင်ဘက်ကလာသည့် စစ်ရှောင် ၅ ဦးကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀ ဦးကို ပုသိမ်မြို့နယ် ငရုတ်ကောင်းမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

ဧရာဝတီတိုင်းထဲတွင် ယခု ဖမ်းဆီးခံရသည့် စစ်ရှောင်များအပါအဝင် ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် ၆၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ရခိုင်စစ်ရှောင်များက ခန့်မှန်းပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ