ရခိုင်ရိုးမတောင်တန်းတွင် ကျန်ရှိနေသေးသည့် အာဏာသိမ်း စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
အာရက္ခတပ်တော် AA က အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်သိမ်းပြီးနောက်ပိုင်း ရိုးတောင်ထက်ကနေ ပြန်လည်ထိုးစစ်ဆင်ပြင်လာသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။
“ရိုးဘက်က စစ်ကောင်စီတပ်တွေကို တိုက်နေတယ်။ အခုရိုးအတက်ဘက်ကို အရင်ရှင်းနေတယ်ပေါ့နော်။ သူတို့ဖက်တပ်ကူတွေကလည်း တော်တော်ပို့ကြတယ်။ အခု ဆင်ခုံတိုင်ရွာဖက်အထိ သိမ်းထားပြီးပြီ။ ရိုးပေါ်မှာ စခန်းတွေကတော့ အများကြီးကျန်နေပါသေးတယ်” ဟု ပြောသည်။
AA မှ သိမ်းပိုက်ထားပြီးဖြစ်သည့် ဆင်ခုံတိုင်ကျေးရွာမှာ အမ်းရိုးတောင်တွင်တည်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး အမ်းမြို့နှင့် ၁၆ မိုင်ခန့်အကွာတွင်ရှိကာ ချင်းလူမျိုးများ နေထိုင်ကြခြင်းဖြစ်သည်။
အမ်းမြို့ကို AA က အလုံးစုံသိမ်းပိုက်ထိိိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း ရခိုင်ရိုးမတွင် စစ်ကောင်စီတပ်စခန်းများကျန်ရှိိနေသေးပြီး အဓိကအနေဖြင့် ရခိုင်ရိုးမတောင်ခြေတွင်ရှိိိနေသည့် စစ်ကောင်စီ၏ အမှတ်(၁၄)ကာကွယ်ရေးစက်ရုံ၊ အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေးမှုဌာနချုပ်နှင့် အမြောက်တပ်ရင်းများဖြစ်သည်။
ရခိုင်နှင့် မကွေးတိုင်းဆက်သွယ်ထားသည့် အမ်း-ပဒါန်း ကားလမ်းတွင်လည်း အာရက္ခတပ်တော်ဖက်မှ အမ်းမြို့ဘက်ရှိ မြေပြန့်တစ်လျှောက်ကို နေရာယူထားနိုင်ပြီဖြစ်ကာ စစ်ကောင်စီဖက်မှ ရိုးတစ်လျှောက်တွင် နေရာယူထားမှုရှိနေဆဲဖြစ်သည်။
ရခိုင်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည့် မြို့ ၁၄ မြို့အထိရှိနေပြီဖြစ်ပြီး ကျန်မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်ကျွန်းတို့ကိုသာ စစ်ကောင်စီထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
စစ်အာဏာရှင်အမြစ်ပြတ်ရေးလမ်းစဉ်ဖြင့် တိုက်ခိုက်လာသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ၁ နှစ်ကျော်ကြာတိုက်ပွဲထဲ အာရက္ခတပ်တော်ဖက်မှ ရခိုင်ပြည်တွင်း စစ်ရေးအောင်မြင်မှုများ များစွာရရှိထားပြီလည်းဖြစ်သည်။
လက်ရှိတွက်လည်း ရခိုင်ပြည်ထဲကျန်နေသည့် စစ်ကောင်စီထိန်းချုပ်မြို့နယ်များနှင့် စစ်ကောင်စီတပ်စခန်းတည်ရှိရာများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လာမှုရှိနေသည်။
ယခုရက်ပိုင်းအတွင်း ရခိုင်ရိုးမအပြင် စစ်တွေမြို့ရှိ ရေတပ်ကို အာရက္ခတပ်တော် AA က အမြောက်လက်နက််များအသုံးပြု တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ကလည်း ကျန်ရှိနေသေးသည့် ထိန်းချုပ်နေရာများတွင် စစ်အင်အားဖြည့်တင်ခြင်း အပါအဝင် စစ်ရေးပြင်ဆင်မှုတို့ကို ဆက်လက်လုပ်ဆောင်လျှက်ရှိနေကြောင်း သိရသည်။