Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်အတွင်းရှိသော တရုတ်စီမံကိန်းများထဲမှ အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီတန်ဖိုးရှိသော တရုတ်စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြောသည်။

ရခိုင်ပြည်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားကြောင်း ISP Myanmar က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁၀၉၀ သန်းရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ အမေရိကန်ဒေါ်လာ ၁၁၀၀၀ သန်းရှိသော မန္တလေး-ကျောက်ဖြူရထားလမ်း၊ အမေရိကန်ဒေါ်လာ ၁၅၀၀ သန်းရှိသော ရေနံပိုက်လိုင်း၊ အမေရိကန်ဒေါ်လာ ၉၆၀၀ သန်းရှိသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ အမေရိကန်ဒေါ်လာ ၁၈၀ သန်းရှိသော ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်းတို့ ဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၃၃၇၀ ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားခြင်းဖြစ်သည်။

ယင်းအပြင် ကျောက်ဖြူ-အမ်း ရထားလမ်း၊ အမ်း လေအားလျှပ်စစ်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူကားလမ်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်း၊ သံတွဲ လေအားလျှပ်စစ်စီမံကိန်းတို့ကိုလည်း AA က ထိန်းချုပ်ထားပြီး စီမံကိန်းများ၏ တန်ဖိုးများအား မသိရသေးကြောင်း ISP Myanmar က ဆိုသည်။

“အဲဒီအထဲမှာ သံတွဲနဲ့ အမ်းမြို့တွေမှာရှိတဲ့ လေအားလျှပ်စစ်စီမံကိန်းတွေကို အပြည့်အဝထိန်းချုပ်ထားတာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်” ဟု ISP Myanmar က ဆိုသည်။

အဆိုပါ အချက်အလက်များမှာ ISP Myanmar က စုဆောင်းထားသော အချက်အလက်များသာဖြစ်ပြီး မြေပြင်အခြေအနေနှင့် အနည်းငယ်ကွဲလွဲနိုင်ကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် သံတွဲမြို့နယ် ငပလီမြို့ရှိ ဘီလီယံနှင့်ချီ တန်ဖိုးရှိသော စစ်ကောင်စီနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းရှင်များ၏ ဟိုတယ်နှင့်စီမံကိန်းများကိုလည်း သိမ်းပိုက်ထားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ