Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(စစ်ကောင်စီတပ်သား ၁၇ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ)

ရခိုင်ပြည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF အရှိုတပ်က လိုက်လံတိုက်ခိုက်ရှင်းလင်းနေကြောင်း ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်တပ်စစ်ကြောင်း ၂ ခုကို ၃ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို စစ်ကောင်စီ စစ်သား အင်အား ၉၀ ခန့်ပါဝင်သော စစ်ကြောင်း ၂ ကြောင်းကို အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ ၁၅၀၀ ကျော်ခန့်တွင် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားတချို့ အသာတကြည် လက်နက်အပ် အလင်းဝင်သူများရှိခဲ့ပြီး တချို့မှာ တပ်ပျက်၍ ခြေဦးတည်ရာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်ရာ ၃ ရက်တာအတွင်း ၁၇ ဦး ထပ်မံ လက်ရဖမ်းဆီးနိုင်ခဲ့ကြသည်။

ထို့ပြင် အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီ တပ်သားများနှင့် ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သားများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်များစွာလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သား အရေအတွက်က ၂၀ ကျော်လို့ပဲ ခန့်မှန်းလို့ ရပါတယ်။ လက်ရှိထိ နယ်မြေရှင်းလင်းရေး ဝင်နေရဆဲမို့ သတင်းရရှိမှု လွဲမှားမှုတွေ မဖြစ်ရအောင် ပြည်သူတွေပါ ပူးပေါင်းပေးဖို့ လက်ရှိ အလင်းဝင်လာသူတွေရော ဖမ်းဆီး ရမိသူတွေရောရဲ့ စကားသံများအရ စစ်ကောင်စီဘက်မှာ ရပ်တည်ချင်သူ စစ်တိုက်ချင်သူမရှိ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတော်လေး အားနည်းနေတယ်ဆိုတာကိုပဲ ပြည်သူတွေကို ပြောချင်တယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) သည် တပ်ပျက်၍ ထွက်ပြေးလွတ်မြောက်လျှက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရှာဖွေ လျှက်ရှိကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ