Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပလက်ဝ အပါအဝင် ရခိုင်ပြည်အတွင်း မြို့နယ် ၁၅ မြို့နယ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင် AA က ထုတ်ပြန် လာသည်။

ထုတ်ပြန်ချက်၏ ရှေ့ဆင့် နောက်ဆင့်မှာ ရခိုင်ပြည်အတွင်းက ဂွမြို့နယ်၏ စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် AA က သိမ်းပိုက် ထိန်းချုပ်ပြီးနောက် စစ်ကောင်စီကို ယင်းကဲ့သို့ ကမ်းလှမ်းလာခြင်း ဖြစ်သည်။

AA က လက်ရှိတွင် ပလက်ဝမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်များကို AA က သိမ်းပိုက်ထားသည်။

ရခိုင်ပြည်အတွင်း နောက်ဆုံး ဂွမြို့အပါအဝင် ရခိုင် ၁၄ မြို့နယ်နှင့် ပလက်ဝမြို့နယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်ခဲ့သည့် AA ၏ တစ်ကျော့ပြန် တိုက်ပွဲတွင် စစ်ကောင်စီနှင့် မရပ်မနား နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးနောက် ယခုတစ်ကြိမ် ULA/AA က နိုင်ငံရေးစကားဝိုင်းစရန် အသင့်ရှိကြောင်း ပြောဆိုလာသည်။

တရုတ်၏ ကြားဝင်မှုဖြင့် ” ဟိုင်ဂင်သဘောတူညီချက်” တွင်လည်း ကိုးကန့်၊ တအာင်း အဖွဲ့အစည်းများနှင့်အတူ AA အနေဖြင့်လည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ကြောင်း ULA/ AA ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် တရုတ်၏ ပါဝင်မှုဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော တအာင်းတပ် (TNLA) ၊ ကိုးကန့်တပ် (MNDAA) တို့က အသီးသီးစာထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂ ရက်အကြာ ရှမ်းမြောက် အခြေစိုက် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတို့အကြား တွေ့ဆုံဆွေးနွေးခဲ့သော်လည်း စစ်တပ်က လားရှိုးမြို့ကို ပြန်ပေးရန် တောင်းဆိုရာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြေမလည်ဖြစ်ကာ အဆုံးသတ်သွားခဲ့ကြသည်။

ရခိုင်ပြည်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ AA က ထိန်းချုပ်ထားပြီး လက်ရှိတွင်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရှိရာ ကျောက်ဖြူတွင် တိုက်ပွဲများ ငြိမ်သတ်နေခဲ့သည်။

ယင်းကဲ့သို့ တိုက်ပွဲကာလအတွင်းမှာ ရခိုင်ပြည်အတွင်းရှိသော တရုတ်စီမံကိန်းများထဲမှ အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီတန်ဖိုးရှိသော တရုတ်စီမံကိန်း ၁၀ ခုကို AA က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြောသည်။

နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားကြောင်း အာဏာသိမ်း မင်းအောင်လှိုင် ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ