အချို့သော တိုင်းရင်းသားခေါင်းဆောင်များမှာ ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်သစ်ကူး မိန်းခွန်းတွင် ပြောသည်။
တိုင်းရင်းသား ခေါင်းဆောင်အချို့သည် ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေသော်လည်း ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုထားကြသည်ဟု မင်းအောင်လှိုင်က ဆိုသည်။
ဖြစ်ချင်တာ၊ ဖြစ်သင့်တာများကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးအတွက် မျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်ကြောင်း ပြောသည်။
“ဒီလိုဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့လမ်းကြောင်း မတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာကိုလည်း ဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင် အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ် ကြောင်းလည်း ပြောကြားလိုပါတယ်” ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခသည် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေသေးကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။
“ဒါကိုပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့လူမှုရေးအခြေ အနေများ တိုးတက် ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒ သက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ် ပါတယ်” ဟု မင်းအောင်လှိုင်က စွပ်စွဲထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ကြောင်းနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု မိန်းခွန်းတွင် ကြွားလုံးထုတ် ပြောဆိုခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံက မြို့နယ်များအားလုံးအနက် စစ်ကောင်စီက ၄၀ ရာခိုင်နှုန်းကျော်ခန့်သာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။