Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် တစ်ခုတည်းကျန်ရှိနေသေးသော ရခိုင်ရိုးမတောင်ပေါ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးစစ်စခန်းအား အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တောင်ကုတ်တစ်မြို့လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ပြည်မြို့ ဥသျှစ်ပင်အနီးက တောင်ပုံကြီးစစ်စခန်းကို တိုက်ခိုက်နေပြီး ယမန်နေ့ ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ကျနော်ကြားတာက မနေ့က မနက်ပိုင်းမှာ တိုက်ပွဲ တော်တော် ပြင်းတယ်ပြောတယ်။ တောင်ကုတ်မှာက ဒီ တောင်ပုံကြီး စစ်စခန်းတစ်ခုပဲ ကျန်တော့တယ်။ တောင်ကုတ်-ပတောင်းရိုးလမ်းပေါ်မှာပေါ့။ အနီးအနားက စွပ်ပျက်၊ သပြေ၊ မိုက်ကရို စတဲ့ အဲဒီရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ အရပ်သားတွေ၊ ရွာသားတွေ အသေအပျောက်များတယ်လို့ သိရတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူး” ဟု သည်။

တောင်ပုံကြီး၊ သပြေ၊ စွပ်ပျက်၊ မိုက်ကရို စသည့် ကျေးရွာများမှာ ရိုးလမ်းတစ်လျှောက် တစ်ဆက်တည်းဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသေအပျောက်များပြားသည်ဟု သိရသည်။

“ရခိုင်-ပဲခူးအစပ် ညောင်ကျိုးက ပြည်သူတွေလည်း ဥသျှစ်ပင်မြို့ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ စစ်ကောင်စီက အဲဒီအနီးအနား ပတ်ဝန်းကျင်ကို တောက်လျှောက် လေကြောင်းပစ်ခတ်နေတာကို” ဟု သတင်းရင်းမြစ်က ဆိုသည်။

အမ်း ရိုးတောင်ပေါ်တွင်လည်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ စစ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကစဉ့်ကလျားထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှင်းလင်းနေကြောင်း သိရသည်။

အမ်းမြို့နှင့် ၁၆ မိုင်ခန့် ဝေးသော ချင်းလူမျိုးနေထိုင်သည့် ဆင်ခုံတိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း စစ်တွေမြို့အဝင်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်အား အာရက္ခတပ်တော် AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ကုလားတန်မြစ်ဝရှိ စစ်ကောင်စီ စစ်သင်္ဘောများအား AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ဆက်လက်ရှိနေသေးပြီး လက်ရှိတွင် AA က ရခိုင်ပြည်ထဲက မြို့ ၁၄ ခုနှင့် ချင်းပြည်ထဲက ပလက်ဝမြို့ကို သိမ်းပိုက်ထားသည်။

မြို့ ၁၅ ခုကို သိမ်းပိုက်ထားသော အာရက္ခတပ်တော် AA အနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ရခိုင်ပြည်အတွင်း မြို့ ၃ မြို့သာ ထိန်းထားနိုင်တော့သည့် အာဏာသိမ်း စစ်ကောင်စီအား ငြိမ်းချမ်းကမ်းလှမ်းထားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ