Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့သည် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ထုတ်ပြန်ချက်ထုတ် ပြောဆိုထားကြသော်လည်း မြေပြင်တွင် အမှန်တကယ် ငြိမ်းချမ်းရေးစကားပြောခြင်းမရှိသေးကြောင်း AA နှင့်နီးစပ်သူများက ပြောဆိုကြသည်။

“ငြိမ်းချမ်းရေး ကိစ္စတွေ စကားပြောကြတာ မရှိသေးဘူး။ ထုတ်ပြန်ချက်တွေနဲ့ အပြောပဲ ရှိကြသေးတယ်။ ထုတ်ပြန်ချက်တွေကလည်း စကားဝိုင်းကို ရောက်လောက်အောင်ထိလည်း အားမကောင်းကြဘူး။ အဖြစ်သဘောလောက်ပဲ ထင်တယ်။ မြေပြင်အနေအထားမှာလည်း နှစ်ဖက်အပြန်အလှန် အပေးအယူတွေနဲ့ စကားပြောတာမရှိကြဘူး” ဟု ပြောသည်။

အာဏာသိမ်းသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မိန့်ခွန်းတိုင်း၊ ထုတ်ပြန်တိုင်းတွင် တော်လှန်ရေးလက်နက်ကိုင်များအပေါ် ငြိမ်းချမ်းရေးစကားပြောရန် ကမ်းလှမ်းထားခဲ့သည်။

အာရက္ခတပ်တော် AA ကလည်း အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ဂွမြို့တို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့က နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီအား ငြိမ်းချမ်းရေးစကားကမ်းလှမ်းခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ထပ်မံပြီး နှစ်သစ်ကူးမိန့်ခွန်းတွင် တော်လှန်ရေးအဖွဲ့များအား ငြိမ်းချမ်းစကားကမ်းလှမ်းခဲ့သည့်အတွက် အပြောပဲရှိကြောင်းနှင့် လက်တွေ့တွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ မရှိသေးကြပေ။

ထိုကြောင့် ရခိုင်ပြည်အတွင်း AA သိမ်းပိုက်ရန် ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ရေးစောင့်ကြည့်သူများက ပြောဆိုနေကြသည်။

စစ်ရေးစောင့်ကြည့်သူတစ်ဦးက “နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာက အားမကောင်းတော့ စစ်ရေးက အားကောင်းလာမှာပဲ။ ဒါက သဘာဝပေါ့လေ။ ငြိမ်းချမ်းရေးဆွေးနွေးတာမရှိတော့ စစ်ရေးနဲ့ ဖြေရှင်းရမှာပေါ့။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ပြောတာပဲလေ။ အင်္ဂါဂြိုလ်က လာတားရင်လည်း သိမ်းမှာပဲ ဆိုတဲ့စကားအတိုင်းပေါ့။ ဒီလထဲမှာတောင် တိုက်ပွဲ ဆက်လက်ရှိလာနိုင်တယ်။ ဘယ်မြို့မှာ စဖြစ်မလဲတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် AA ကတော့ အချိန်ဆွဲမှာတော့ မဟုတ်ဘူး။ လုပ်စရာရှိတာ မြန်မြန်ဆန်ဆန် လုပ်မှာဖြစ်တယ်။ အချိန်ကြာလေ ပြည်သူတွေပဲ ထိခိုက်မှာဆိုတာကို သူသိထားတယ်ပေါ့လေ” ဟု ပြောသည်။

အချို့သော စစ်ရေးသုံးသပ်သူအချို့က ယခုလ ဒုတိယအပတ်အတွင်း ကျန်ရှိနေသေးသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း သုံးသပ်နေကြသည်။

အဆိုပါ မြို့သုံးမြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့၊ တပ်စခန်းများကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဖက်စစ်ရေးမှာ တင်းမာလျှက်ရှိနေကြသည်။

မြို့တော် စစ်တွေမြို့တွင် အိန္ဒိယစီမံကိန်းဖြစ်သည့် ကုလားတန်မြစ်ဘက်စုံသုံးစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိကြောင်းနှင့် ကျောက်ဖြူမြို့တွင် တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများရှိသည့်အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်ငန်းထဲက တစ်ခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းများရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ