Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နံနက် ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးက ပျက်စီးသွားသော ဆေးရုံနှင့် စာသင်ကျောင်းအား တွေ့ရစဉ်။ (ဓါတ်ပုံ - APM)

(စစ်ကောင်စီ ဗုံးကြဲ၍ မြေပုံနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သား ထိခိုက်သေဆုံးမှုရှိ)

အာရက္ခတပ်တော် AA သည် နိုင်ငံရေးအရ ဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်ထဲက မြို့နယ်များကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီကျော်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က ဆေးရုံနှင့် စာသင်ကျောင်းတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“စစ်ကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ကမ်းထောင်းကြီးဆေးရုံနဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်သေဆုံးသွားပါတယ်။ ဆေးရုံနဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားပါတယ်” ဟု မြေပုံမြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၇၀ အရွယ် ဒေါ်မသိန်းဖြစ်ပြီး မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်ကဖြစ်သည်။

ကမ်းထောင်းကြီးဆေးရုံသည် ဆေးကုသခြင်းမရှိဘဲ ပိတ်ထားခဲ့သည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ပြီး စစ်ကောင်စီသည် အရပ်သားများထိခိုက်ပါစေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း မြေပုံဒေသခံများက ပြောဆိုကြသည်။

ယင်းအပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားအမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့ရသည်။

“ဂျက်ဖိုက်တာ တစ်စီးနဲ့ နှစ်ကြိမ်လာရောက် ယိုးတရုပ်ကို ဗုံးကြဲခဲ့တာပါ။ သေဆုံးသူ ၅ ဦးလောက်ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးလောက်ရှိတယ်လို့ ကြားပါတယ်။ အရပ်သားတွေနေတဲ့ ရွာတွေကို စစ်ကောင်စီက ဗုံးကြဲနေတာပါ။ ဒီစစ်ကောင်စီ ကင်းစင်မှပဲ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ပါမယ်” ဟု ပြောသည်။

ယိုးတရုပ်က သေဆုံးသူများမှာ ဒေါ်မသာလှ(၇၆ နှစ်)၊ တန်းခိုးရွာက မဦးဆန်းနွယ် (၂၅ နှစ်)နှင့် ယိုးတရုပ်ကျေးရွာမှာ စစ်ရှောင်နေသည့် ကွမ်းတောင်ကျေးရွာက ကိုမျိုးဇော်ထွန်း (၁၈ နှစ်)တို့မှာ နေရာ၌ သေဆုံးသွားခဲ့ရသည်။

ဒဏ်ရာရသူ ၁၀ ဦးထဲက ပုဏ္ဏားကျွန်းမြို့ခံ မောင်မျိုးဟိန်းအောင် (၉ နှစ်) နှင့် ဦးလှဖြူ (၄၈ နှစ်) တို့လည်း ဆေးကုသနေရင်း ဒဏ်ရာပြင်းထန်၍ သေဆုံးသွားခဲ့ရပြီး ကျန်ဒဏ်ရာရရှိထားသူများမှာ စိုးရိမ်ရအခြေအနေများဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရဿည်။

အာရက္ခတပ်တော်ထံ လက်လွှတ်ဆုံးရှုံးထားရသော အမ်းမြို့နယ်ကိုလည်း အာဏာသိမ်း စစ်ကောင်စီသည် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေကြောင်းနှင့် ရိုးပေါ်ကနေ လက်နက်ကြီးများဖြင့်လည်း နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။

တောင်ကုတ် ရိုးမပေါ်ရှိ တောင်ပုံကြီး စစ်စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်-ပန်းတောင်းလမ်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း အမှတ် ၃၂ ရဲတပ်ရင်းဘက်မှာ ပစ်ခတ်သံများကြားနေရ၍ ဒေသခံပြည်သူများမှာ ထိလန့်နေကြကြောင်းနှင့် နှစ်ဖက်စလုံးသည် စစ်ရေးပြင်ဆင်ထားကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ