Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း လုံးဝပြတ်တောက်သွားသည်မှာ နှစ်လခန့်ကြာမြင့်လာပြီး သိမ်းပိုက်ထားသော ဒေသများတွင် လုံခြုံရေးအခြေအနေများကြောင့် အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များ အားလုံးနီးပါးတွင် အင်တာနက်၊ ဖုန်းလိုင်းများ ပြတ်တောက်နေသည်။

AA ထိန်းချုပ်သိမ်းပိုက်ဒေသများတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကစ၍ ဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝပြတ်တောက်သွားပြီး ယနေ့အချိန်အထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း စုံစမ်း သိရှိရသည်။

မင်းပြားဒေသခံတစ်ဦးက “ဖုန်းလိုင်း၊ အင်တာနက် မရတာက ကြာပါပြီ။ ပထမ စစ်ကောင်စီဘက်က ပိတ်တယ်။ အခု AA ဖက်က ပိတ်ထားပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာတွေကြောင့် လုံခြုံရေးအခြေအနေတွေကြောင့် ပိတ်ထားတာလို့ သိထားပါတယ်။ အဓိက တာဝါတိုင်တွေမှာ ဆီမထည့်ရတာပါ။ ဆီထည့်ပြီး လည်ပတ်ရင်တော့ အနည်းဆုံးတော့ ဖုန်းလိုင်း ရပါတယ်။ အခု ဆီထည့်ခွင့် မရှိတော့ ဘာလိုင်းမှ မရတော့ဘူး” ဟု ပြောသည်။

အဆိုပါ ဒေသခံမှာ ဂြိုလ်တု စတားလင့်အသုံးပြုသူများထံမှ အကူအညီတောင်းကာ Western News အား ပေးပို့လာခြင်းဖြစ်သည်။

နောက်ထပ် မြောက်ဦးဒေသခံတစ်ဦးကလည်း အင်တာနက် သို့မဟုတ် ဖုန်းလိုင်းအသုံးပြုလိုပါက မြေပုံဒေသနှင့် ပေါက်တောဒေသများသို့ သွားရောက် အသုံးပြုရသည်။ သို့သော်လည်း လိုင်းမရသည့် ရက်များလည်းရှိကြောင်း ပြောသည်။

“ပြည်သူတွေက ဟိုပြေးဒီပြေး ဖြစ်နေတာ။ မြေပုံမှာ လိုင်းရတယ်လို့ ပြောလို့ မြေပုံပြေးသွားကြတယ်။ ၅ ရက်လောက်စောင့်ကြတယ် မရပြန်ဘူး။ ရတဲ့သူတွေကတော့ အဆင်ပြေသွားရော။ ပေါက်တောမှာ လိုင်းရတယ်လို့ ပြောလို့ ပေါက်တောကို ပြေးသွားကြတယ်။ မရလို့ ပြန်လာရတဲ့ သူတွေလည်းရှိကြတယ်။ နိုင်ငံခြားက သားဆီ ဖုန်းတစ်ခါဆက်ဖို့ မြို့နှစ်မြို့လောက်ကို ကျော်ပြီးသွားနေရတယ်။ ခရီးစရိတ် သိန်းချီ ကုန်ကျခံပြီး သွားနေရတယ်” ဟု ပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုများကြောင့် ပြည်သူလူထုများမှာ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများတွင် ထိခိုက်နေသလို သတင်းအချက်အလက် ရယူမှုများတွင်လည်း ဆုံးရှုံးနေကြရကြောင်း ဒေသခံများက ပြောသည်။

“ဖုန်းလိုင်းမရတော့ အစစအရာရာအခက်ခဲပေါ့။ ဘယ်သွားသွား ဘာလုပ်လုပ် အဆက်သွယ်ပြတ်နေတော့ ဘာတစ်ခုမှအဆင်မပြေဘူး။ အခုတစ်ခေါက်ပြတ်တာက တော်တော်ကြာနေတော့ လူတွေကစိုးရိမ်လာကြတယ်။ ပြန်ရမှရပါတော့မလားလို့။ ဘာဖြစ်လို့ပြတ်တယ်လို့လည်း သေချာမသိကြဘူးလေ” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ရခိုင်မြို့နယ်များ ဖုန်းလိုင်း အင်တာနက်လိုင်းများ ထိန်းချုပ်မှုကြောင့် ပြည်ပက ရခိုင်ပြည်အတွင်း ငွေလွှဲသည့်အခါတွင် များစွာအခက်အခဲ ကြုံနေရကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ ငွေလှယ် လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ငွေလှယ်လုပ်ငန်း လုပ်တဲ့သူတွေလည်း လုံးဝအဆင်မပြေဘူး။ အင်တာနက်မရတာပြဿာနာ မရှိပေမယ့် ဖုန်းလိုင်း မရတော့ အရမ်းကြီးတဲ့ ပြဿာနာ စိန်ခေါ်မှုတစ်ခုပါ။ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယားက ငွေလွှဲတဲ့သူတွေက ပိုက်ဆံက ကျမဆီရောက်နေပြီ။ ဒါပေမယ့် ထုတ်ဖို့အတွက်ကျရော ဖုန်းရောအင်တာနက်လိုင်း ရောပိတ်ထားတော့ အဆက်အသွယ်က လုံးဝ အဆင် မပြေဘူး။ ကားတစ်ဆင့်၊ စက်လှေနဲ့တစ်ဆင့် ဖုန်းလိုင်းရတဲ့နေရာကို လာပြီးတော့ ဆက်ရတယ်တဲ့။ လွှဲထားတဲ့ ပိုက်ဆံကိုလည်း ဒီအတိုင်း ထုတ်ပေးလို့မှ မရတာ”ဟုပြောသည်။

ရခိုင်မှာ ဘဏ်စနစ်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်လွဲပြီး ကျန်မြို့နယ်အားလုံးနီးပါးတွင် ရပ်တန့်နေကာ မြို့နယ်အချို့တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက ယုံကြည်မှုဖြစ် ငွေလှယ် လုပ်ငန်း လုပ်ကိုင်နေကြရသည်။

ရေရှည်မှာ စီးပွားရေးလုပ်နေသူများ ကိုယ့်ပြည်အတွက် တစ်နိုင်တစ်ပိုင် လုပ်နေသူများအတွက် ကြီးမားသော ပြဿာနာတစ်ခု ဖြစ်လာနိုင်ကြောင်း ယခင် ရန်ကုန်နှင့် ရခိုင်သို့ ဆေးဝါးများတင်ပို့ခဲ့သည့် ကုန်သည်တစ်ဦးက ပြောသည်။

“သတ်မှတ်ချက် အချိန်တစ်ခုနဲ့ ဖုန်းလိုင်းကိုတော့ ဖွင့်ပေးဖို့ ကောင်းတယ်။ အရင်က စစ်ကောင်စီက ပိတ်ထားတယ်လို့ ပြောပေမယ့် အခုနောက်ပိုင်း ULA/AA က ထိန်းချုပ်ထားတယ်။ ဒါက ရေရှည်မှာ စီးပွားရေးလုပ်နေတဲ့သူတွေ၊ ကိုယ့်ပြည်အတွက် တစ်နိုင်တစ်ပိုင် လုပ်နေတဲ့သူတွေက တကယ့်ကို ကြီးမားတဲ့ ပြဿာနာတစ်ခု ဖြစ်လာတယ်။ တာဝါတိုင်တွေမှာ ဆီမရှိဘူး။ ဆီဖြည့်ခွင့်မပေးဘူး။ အဲ့ကြောင့် လိုင်းမရဘူး။ ဒါကိုဖြည့်လျော့ပေးဖို့ လိုတယ်။ တစ်ဖက်မှာ လုံခြုံရေးအရ ဖွင့်မပေးတာတော့ နားလည်ပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရခိုင်မြို့နယ်အချို့ကို အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်။

ဂြိုလ်တု စတားလင့်အသုံးပြုခွင့်များမှာလည်း ULA/AA အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူရကြောင်းနှင့် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများသာ အင်တာနက် အသုံးပြုခွင့်ရရှိနေကြောင်း စုံစမ်းသိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ