ရခိုင်ပြည် မောင်တောတိုက်ပွဲနှင့် အမ်းမြို့တိုက်ပွဲတွင် သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးနှင့် ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရာထူးတစ်ဆင့်တိုးမြှင့်ပေးကာ သူရဲကောင်းဘွဲ့ကို ပေးအပ်ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းတွင် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မင်းအောင်လှိုင်က စစ်တပ်နှင့်ရဲဘက်မှ အရာရှိ ၉ ဦးကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်(သူရဲကောင်းဘွဲ့) ပေးအပ်ခဲ့ရာတွင် ရခိုင်တိုက်ပွဲ သေဆုံးခဲ့သော အရာရှိကြီး ၂ ဦးကို ရာထူးတစ်ဆင့်တိုးဖြင့် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ် ပေးအပ်ထားခြင်းဖြစ်သည်။
ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ တိုက်ပွဲတွင် မိုင်းနင်းမိ၍ သေဆုံးသွားသော ဗိုလ်မှူးကြီး အောင်နေမျိုးကို ဗိုလ်ချုပ်ရာထူးသို့ မင်းအောင်လှိုင်က တိုးမြှင့်ပေးအပ်ထားခြင်းဖြစ်သည်။
အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွင်း သေဆုံးသွားသော ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းကိုလည်း ဗိုလ်မှူးချုပ် ရာထူးသို့ မင်းအောင်လှိုင်က တိုးမြှင့်ပေးအပ်ထားခြင်းဖြစ်သည်။
ဗိုလ်ချုပ် အောင်နေမျိုးသည် (မသေခင် ဗိုလ်မှူးကြီး) စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းနှင့် ကရင်ပြည်နယ်ရှိ တပ်ရင်း ၂၂ ၏ တပ်မမှူးဖြစ်ပြီး မောင်တောမြို့ နခခ ၅ သို့ တာဝန်ပြောင်းရွှေ့ခံရသည်။ အာရက္ခတပ်တော် AA က နခခ ၅ အား တိုက်ခိုက်စဉ် အောင်နေမျိုးမှာ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးသွားသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဗိုလ်ချုပ် အောင်နေမျိုးအား ငွေကျပ် သိန်း ၈၀၀ နှင့်အတူ ရွှေတုံးရွှေထည်များဖြင့် မိုင်းနင်းမိ၍ သေဆုံးလျှက် တွေ့ရသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်အောင်နေမျိုးသည် ဒေသခံ မွတ်ဆလင်များ၏ အကူအညီများဖြင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ထွက်ပြေးရန် ကြိုးပမ်းစဉ် ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းမိ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု AA က ဆိုသည်။
အလားတူ ဗိုလ်မှူးချုပ် ထွန်းထွန်းဝင်းမှာလည်း အမ်းမြို့နယ် အမှတ် ၂ တပ်မတော်ဆေးရုံ ကုတင် ၃၀၀ က ဆေးတပ်မှူးဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့က AA က ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည်။
အာရက္ခတပ်တော် AA သည် ရခိုင်ပြည်ထဲက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့က လွဲ၍ ကျန်မြို့နယ်များနှင့် ဒေသများအားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
လက်ရှိတွင် AA သည် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ငြိမ်းချမ်းကမ်းလှမ်းထားသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် လက်မခံဘဲ ရခိုင်ပြည်မြို့နယ်များအား နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။
ထိုကြောင့် ရခိုင်ပြည်အတွင်း ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း သုံးသပ်သူများက ပြောဆိုနေကြသည်။