Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
(ပုံဟောင်းဖြစ်သည်)

မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ရခိုင်ရိုးမတောင်တန်းပေါ်က အာဏာသိမ်း စစ်ကောင်စီ စစ်စခန်းများ၊ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA နှင့် ဒေသခံ PDF တပ်ဖွဲ့များ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ မိတ်သလင် ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး AA နှင့် နယ်မြေခံ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ပူးပေါင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မိတ်သလင် ကာကင်းစခန်းကို AA, ဧရာဝတီ PDF အဖွဲ့ပေါင်းစုံက တိုက်ခိုက်နေတယ်။ ရခိုင်ရိုးမပေါ်မှာပဲ ဧရာဝတီနဲ့ ရခိုင်အစပ်မှာ ရှိတာပါ။ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ သိပ်မဝေးဘူး။ ထိခိုက်မှုတွေတော့ မသိရသေးဘူး” ဟု ပြောသည်။

ပုသိမ်းမြို့နယ်ထဲက မကျီးဇင်ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး မကျီးဇင်သည် ဂွမြို့နယ်နှင့် သိပ်မဝေးသော နေရာတွင်ရှိသည်။

ယင်းအပြင် ရခိုင်ပြည် ဂွမြို့နှင့် ဧရာဝတီ အသိုင်းချောင်းမြို့ ကြားရှိ ရိုးပေါ်က ဗေဒါစစ်ဆေးရေးဂိတ်ကိုလည်း အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ဗေဒါစစ်ဆေးရေးဂိတ်က အခုမှ စတိုက်တာတော့ မဟုတ်ဘူး။ ဂွမြို့မသိမ်းခင်ကတည်းက AA က တိုက်နေတာ။ ဂွမြို့ကိုသိမ်းလိုက်ပြီဆိုတော့ အခုက ပိုပြီး ဖိပြီး တိုက်နေတဲ့ သဘောပါ။ ဗေဒါတိုက်ပွဲမှာ စစ်ကောင်စီက ငါးသိုင်းချောင်းမြို့ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး အာရက္ခတပ်တော် AA သည် တောင်ကုတ်နှင့် ပဲခူးတိုင်း ဥသျှစ်ပင်မြို့ကြားရှိ ရိုးပေါ်ရှိ ရခိုင်ပိုင်နက်ထဲက တောင်ပုံကြီးစစ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

“တောင်ပုံကြီးတိုက်ပွဲက ဆက်လက်ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ၃ ရက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပါတယ်ပြောပါတယ်။ အဲဒီတောင်ပုံကြီး အနီးအနားက စွပ်ပျက်တော့၊ သပြေတော့၊ မိုက်ခရို စတဲ့ ရွာကိုဘက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အရပ်သား ၇ ယောက်လောက် သေဆုံးပြီး ဒဏ်ရာအများအပြားရကြတယ်။ ဥသျှစ်ပင်နဲ့ မဝေးတဲ့ ရိုးပေါ်က ညောင်ကျိုးရွာက ပြည်သူတွေဟာလည်း ဥသျှစ်ပင်မြို့ကို စစ်ရှောင်သွားကြတယ်” ဟု ပြောသည်။

စွပ်ပျက်၊ သပြေနှင့် မိုက်ခရိုကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်သေဆုံးသူများ၏ အမည်နှင့် နေရပ်လိပ်စာအား Western News က စုံစမ်းနေဆဲဖြစ်သည်။

အမ်းမြို့နယ်နှင့် မကွေးတိုင်းကြားရှိ ရခိုင်ရိုးမတောင်ပေါ်ရှိ နတ်ရေစင် စစ်စခန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျပြီးနောက် အာဏာသိမ်း စစ်ကောင်စီသည် ရိုးပေါ်ရှိ စစ်စခန်းများကနေ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်ကာ နတ်ရေစင်စခန်းတွင် အမြောက်တပ်ပါ ထိုင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“အမ်းမြို့ကို သိမ်းပြီးတာနဲ့ အမ်းနဲ့ မကွေးတိုင်းကြား ရိုးပေါ်မှာရှိတဲ့ စစ်ကောင်စီ စစ်စခန်းတွေကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီဟာ အမ်းကို လက်လွှတ်ရပြီးနောက် နတ်ရေစင်ဘက်ကနေ အမြောက်တပ်တွေထိုင်ပြီး အမ်းဘက်ကို လှမ်းပစ်ခတ်နေတယ်။ ပြီးတော့ တရုတ်ပိုက်လိုင်တွေကနေ အကာအကွယ်ယူပြီး ပြန်လည်ထိုးစစ်ဆင်လာတာတွေရှိတယ်။ အဲဒါကြောင့် AA က နယ်မြေတွေကို အပြတ်ရှင်းလင်းနေတာဖြစ်ပါတယ်။ ဒီနတ်ရေစင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၉ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့မှာ အပြန်အလှန် ငြိမ်းချမ်းရေးကမ်းလှမ်း ထားကြသော်လည်း လက်တွေ့မြေပြင်တွင် ထိတွေ့ပြောဆိုဆက်ဆံမှုများမရှိကြောင်းနှင့် စစ်ကောင်စီက နေ့စဉ် ရခိုင်ကို ဗုံးကြဲတိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်၊ အမ်းမြို့က ကျေးရွာအချို့နှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် AA တို့မှာ နှစ်ဖက်စလုံး စစ်ရေးတင်းမာနေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ