(၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရာရရှိ)
မကွေးတိုင်း ငဖဲမြို့နယ် မျော်စင်ကျေးရွာ အနောက်ဘက် မီတာ ၂၀၀ အကွာရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် လှည့်ကင်းထွက်လာသော စစ်ကောင်စီ အင်အား ၆ ဦးကို တော်လှန်ရေးတပ် PRA က ခြုံခိုတိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီလ ၃ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီ လှည့်ကင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း PRA က ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်လာသည်။
၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အထိအခိုက်မရှိဘဲ PRA ဘက်က ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း ပဒါန်းမှတက်လာသော အင်အား ၁ဝဝ ခန့်ပါ စစ်ကောင်စီ စစ်ကား ၄ စီးနှင့် ကားသေး ၁ စီးတို့ကို ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအထက် မီတာ (၁၀၀၀) ခန့်အကွာ၌ မိုင်း ၉ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PRA က ဆိုသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီ ဘက်က စစ်ကားတစ်စီး ပျက်စီးသွားသလို တပ်သား ၄ ဦးလည်းသေဆုံးသွားကာ ၁၃ ဦးအထိ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ၂၀၂၄ နိုဝင်ဘာ (၂၉) ရက်နေ့တွင် (၁) ဦး၊ ၂၀၂၄ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် (၃) ဦး စုစုပေါင်း (၄) ဦး ဖမ်းဆီးထိန်းသိမ်း ထားကြောင်း PRA က ထုတ်ပြန်ထားသည်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) သည် တစ်ဖွဲ့ချင်းဖြင့်သော်လည်းကောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍သော်လည်းကောင်း ချမှတ်ထားပြီးဖြစ်သော စစ်ရေးဆိုင်ရာရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုထားသည်။