Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအားတွေ့ရစဉ်။ (ဓါတ်ပုံ - Chin Defence Force -Asho)

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ ဖမ်းရမိပြီး စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Chin Defence Force -Asho တပ်ဖွဲ့မှ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းနယ်ကြား ရခိုင်ရိုးမပေါ်ရှိ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာတို့အနီးရှိ စစ်တပ်စခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်နက်ငယ် ၉ လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

“မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြား ရခိုင်ရိုးမကြောပေါ်ပဲ၊ အဲဒီမှာ ရှိတဲ့ ဂုတ်စီးရိုးကျေးရွာရဲ့ အနီးတဝိုက်မှာ ဖမ်းဆီးရရှိခဲ့တာပါ။ ပစ်ခတ်ဖမ်းဆီးရတာမျိုးတော့ မရှိပါဘူး။ မကွေးတိုင်းနယ်ဘက်ကို ရောက်လာတဲ့အချိန်မှာ ကျနော်တို့ကြိုတင်နေရာယူထားတဲ့ နေရာကနေ လက်နက်ချဖို့ တားဆီးရတဲ့ အဆင့်ပဲရှိပါတယ်။ ပစ်ခတ်ဖမ်းဆီးရတာမျိုးတော့ မရှိပါဘူး။ အဲဒီ တော့ အပြစ်ပေးအရေးယူမှုလတ်တလောတော့ မလုပ်နိုင်သေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းထားတယ်၊ စစ်ဆေးမေးမြန်းနေဆဲကာလပဲဖြစ်ပါသေးတယ်” ဟု Chin Defence Force -Asho တပ်ဖွဲ့မှ ဆလိုင်းရိုချင်းက ပြောသည်။

စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော စစ်သားများအနေဖြင့် ခြေဦးတည်ရာထွက်ပြေးနေခြင်း မပြုလုပ်ဘဲ တော်လှန်ရေးတပ်ဖွဲ့များကို ချိတ်ဆက်၍ သော်လည်းကောင်း၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်၍သော်လည်းကောင်း အသာတကြည် အလင်းဝင်ကြရန် တိုက်တွန်းထားသည်။

“ဖမ်းဆီးရရှိတဲ့ သုံ့ပန်းတွေ ခဏခဏဖြေကြားမှုအရ နိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်လုပ်ကြမယ်ဆိုတဲ့သူတွေ နိုင်ငံပြင်ပကို ထွက်ပြေးသွားချင်တယ်ဆိုတဲ့သူတွေ အနေနဲ့ တော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုပဲ ပူးပေါင်းပြီးတော့ အလင်းဝင်ကြပါလို့ပဲ ပြောချင်တယ်။ စစ်တပ်ထဲမှာ ဝါဒဖြန့်ထားတဲ့ သတင်းမှားတွေဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ပြီဆိုရင် တွေ့တဲ့နေရာမှာ ပစ်သတ်ပစ်တယ်ဆိုတာတွေကလည်း မဟုတ်ဘူးဆိုတဲ့ အကြောင်း အချိန်တွေနဲ့ လုပ်ရပ်တွေနဲ့ တွေဆုံမှုတွေနဲ့လည်း သက်သေပြခဲ့ပြီးပြီဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ အပေါ်မှာ စိစစ်ပြီးတော့ ယုံကြည်မှုထားပြီး အလင်းဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဆလိုင်းရိုချင်းက ဆက်လက် ပြောသည်။

ထို့ပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကောင်စီ အင်အား ၅၀ ပါ စစ်ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း CDF အရှိုချင်းတပ်က ထုတ်ပြန်ထားသည်။

ငဖဲမြို့နယ် ညောင်ကိုင်းကျေးရွာအနီးအရောက် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် Chin Defence Force -Asho တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ