စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရမှုတွင် အာဏာသိမ်း စစ်ကောင်စီသည် အမှုနှင့်သက်ဆိုင်ခြင်းမရှိသော မိဘများကိုပါ ဖမ်းဆီးထားသည်။
ဇေယျာမင်းကို Together Urban Force က ပစ်ခတ်တိုက်ခိုက်သည်ဟုဆိုကာ ပြောက်ကျားတပ်ဖွဲ့ဝင်အပါအဝင် ၇ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၅ တွင် ထုတ်ပြန်ထားသည်။
မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ မိဘများဖြစ်သည့် ဦးသန်းအောင်၊ ဒေါ်ချိုမာလွင်တို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်း၊ ရတနာသိင်္ခဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ စူပါပါဝါကိုမွန်လေး ကားဆေးဘော်ဒီရုံ၌ ဒီတိုနီတာ ၅၀၀ ချောင်း၊ ယမ်းကြိုး (၂၀၀ ပေ) ၁ ခွေ၊ နိုက်ထရိုကလယ်ဇင်း ၅၀ ကျပ် သား၊ လက်လုပ်ဗုံး ၁ လုံး၊ ယမ်းမှုန့်(ရောစပ်ပြီး) ၃ ပိသာ၊ ပုလဲ ၅၀ ပိသာ၊ Black Powder ၂၀ ကျပ်သားတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရဟုဆိုကာ ရတနာသိင်္ခဘုန်းကြီးကျောင်းတိုက် အတွင်းက ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၂၅ တောင့်၊ TNT ယမ်းတောင့် ၂ တောင့်၊ ဒီတိုနေတာ ၃၅ ချောင်း၊ ပန်းရောင်ယမ်းမှုန့် ၅၀ ကျပ်သားနှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများကိုလည်း ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်နက်ခဲယမ်းများ သိမ်းဆည်းပေးသည့် စွမ်းထက်(ခ)အေရွန်နှင့် ဇွန်ပွင့်ဖြူတို့နှစ်ဦးကို ဖမ်းဖို့ကြိုးစားချိန်တွင် ထွက်ပြေးသွား၍ စွမ်းထက်(ခ) အေရွန်၏ မိခင်ဖြစ်သူ ဒေါ်ခင်ယုဆွေကို နေအိမ်မီးဖိုခန်းတွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
ယင်းနောက် ကွင်းဆက်အဖြစ် ထက်အောင်လှိုင် ဆိုသူကိုလည်း ဇန်နဝါရီလ ၂ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ မီးရထားဒီဇယ် စက်ခေါင်းစက်ရုံဝင်ပေါက် အနီးတွင် ထပ်မံဖမ်းမိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိ ဗိုလ်မှူး ဇေယျာမင်းနှင့် ညီမဖြစ်သူတို့မှာ မရမ်းကုန်းမြို့နယ် Apollo ဟိုတယ်မှာ ညီဖြစ်သူ မင်္ဂလာပွဲသို့ တက်ရောက်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။
ဗိုလ်မှူးတွင် ယာလက်ဖျံဖောက်ဝင်ဒဏ်ရာနှင့် ညီမဖြစ်သူတွင် ယာခါးရှပ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြသည်။
စစ်ကောင်စီက အဆိုပါ ပစ်ခတ်မှုကို Together Urban Force ပြောက်ကျားအဖွဲ့ဝင်များ ကျူးလွန်ခဲ့သည်ဟု ပြောဆိုထားသည်။
Together Urban Force ပြောက်ကျားတပ်ဖွဲ့ကလည်း စရဖ ဗိုလ်မှူးဖြစ်သူ ဇေယျာမင်းကို Yangon Phoenix နှင့် Together Urban Force ပြောက်ကျားတပ်ဖွဲ့ဝင်များက မရမ်းကုန်းမြို့နယ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအနီးတွင် PDF သင်တန်းတက်ရောက်ခဲ့ကြောင်းနှင့် ပါပီလွန် သည် ထပ်မံ၍ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း မြဝတီမြို့နယ်၊ လေးကေ့ကော် မြို့သစ်အနီး KNLA တမဟ(၆)နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ဖော်ထုတ်ထားသည်။