Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်

ရခိုင်ပြည်အတွင်း မြို့များကို ဆက်တိုက်သိမ်းပိုက်ခဲ့သော အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအား ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများက ပရဟိတသမား ဝေဟင်အောင်မှတစ်ဆင့် ငွေသား ဂုဏ်ပြုထားသည်မှာ ကျပ်သိန်း ၁၂၀၀ ကျော် ရရှိထားကြောင်း သိရသည်။

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအနေဖြင့် စိတ်ခွန်အား ပိုမိုတက်စေရန်နှင့် ပင်ပန်းနွမ်းနေမှုများ ပြေပျောက်စေရန် ပျော်ပွဲရွှင်ပွဲများအတွက် အလှူရှင်များက ဂုဏ်ပြုကြခြင်းဖြစ်ကြောင်း ပရဟိတသမား ကိုဝေဟင်အောင်က ပြောသည်။

“နခခ ၅ အောင်ပွဲတုန်းက ကျပ်သိန်း ၃၀၀ ဂုဏ်ပြုဖူးတယ်။ တောင်ကုတ်တုန်းက ကျပ်သိန်း ၂၀၀ ဂုဏ်ပြုဖူးတယ်။ အမ်း တုန်းကလည်း ကျပ်သိန်း ၅၀၀ ဂုဏ်ပြုဖူးတယ်။ စုစုပေါင်း ကျပ်သိန်း တစ်ထောင်ပေါ့။ အခုတစ်ကြိမ်ဆို ကျပ်သိန်း ၂၀၀ စုစုပေါင်း သိန်း ၁၂၀၀ ဂုဏ်ပြုထားပါတယ်။ အောင်ပွဲဆင်နွှဲခဲ့ကြတဲ့ ရဲဘော်တွေအတွက်ပါ။ ပင်ပန်းမှုတွေ ဖြေဖျောက်နိုင်ဖို့၊ သူတို့ စိတ်ခွန်အားဖြစ်ဖို့ သူတို့ စားကြပါစေ၊ ပျော်ရွှင်ကြပါစေ သဘောနဲ့ ဂုဏ်ပြုပေးတဲ့ သဘောပါ” ဟု ပြောသည်။

ယခု ကျပ်သိန်း ၂၀၀ ဂုဏ်ပြုထားသူများမှာ ကနေဒါရောက် အာရက္ခမိသားစုက သိန်း ၁၁၀ ကျော်၊ ရိုးမရင်ခွင် ပရဟိတအသင်းက ၂၃ သိန်းနှင့်အတူ ကျပ်သိန်း ၂၀၀ ပြည့်အောင် အခြားသော ဂုဏ်ပြုသူများလည်းရှိပြီး ဂွမြို့သိမ်းတိုက်ပွဲအတွက် ဂုဏ်ပြုခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော် AA က သီးသန့် အလှူခံခိုင်းခြင်းမျိုးမဟုတ်ကြောင်းနှင့် အလှူရှင်များက မိမိသဘောအရသာ အလှူလာထည့်ခြင်းသာဖြစ်ပြီး ကိုဝေဟင်အောင်က ၎င်းတွင်လည်း AA အတွက် အလှူခံခွင့်လည်းမရှိသလို ခွင့်ပြုထားခြင်းမျိုးလည်းမရှိကြောင်း ပြောသည်။

“ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုတာကဆိုရင် မင်္ဂါလာတစ်ပါးဖြစ်ပါတယ်။ ဝမ်းသာစရာကိစ္စလည်းဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကိုပေးဆပ်ကြတယ်၊ ဘဝတွေကို ရင်းကြတယ်။ ဒီလူငယ်တွေကို အမှန်တကယ်လည်း ဂုဏ်ပြုထိုက်တဲ့ သူတွေဖြစ်တဲ့အတွက် ဒီရဲဘော်တွေကို ဂုဏ်ပြုတာက ကျနော်အနေနဲ့ အရမ်းကို ဝမ်းသာပိတိဖြစ်ပါတယ်။ လုပ်လည်း လုပ်ပေးသင့်တဲ့အရာလို့လည်း မြင်ပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် ၂၀၂၄ ခုနှစ်အတွင်း ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့ပေါင်း ၁၅ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး ဒီဇင်ဘာလအတွင်းကဆိုလျှင် တစ်လတည်းမှာ မြို့ ၄ မြို့ကို ဆက်တိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ၏ အရေးပါသော စစ်တိုင်းတစ်ခုဖြစ်သည့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုလည်း အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်ရရှိထားခြင်းလည်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ