Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- မောင်တောမြို့၏ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) စခန်းကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ခဲ့စဉ်က- ဓါတ်ပုံ AA

ရခိုင်ရိုးမတောင်တန်းပေါ်က တောင်ပုံကြီး စစ်စခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

တောင်ပုံကြီးစစ်စခန်းသည် ရခိုင်ရိုးမ တောင်ကုတ်-ပန်းတောင်းပေါ်တွင်ရှိပြီး ဗေဒါစစ်ဆေးရေးဂိတ်သည် ဂွ-ငသိုင်းချောင်း ရိုးမပေါ်တွင်ရှိသော စစ်ကောင်စီ စစ်စခန်းများဖြစ်ကြသည်။

ရခိုင်ရိုးမတောင်တန်းပေါ်က စစ်ကောင်စီ စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်ပြီး အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့ကို သိမ်းပြီးနောက် ထိုးစစ်အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

“တောင်ကုတ်ရိုးပေါ်က တောင်ပုံကြီးစခန်းနဲ့ ဂွရိုးပေါ်က ဗေဒါစစ်ဆေးရေးဂိတ်ကို AA က သိမ်းလိုက်ပါပြီ။ တောင်ပုံကြီးက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးထိကို ရောက်သွားတယ်။ မိုးထိက ပန်းတောင်းမြို့အပိုင်ဖြစ်ပါတယ်။ မိုးထိမှာ စစ်ကောင်စီ စခန်းရှိတယ်” ဟု ပြောသည်။

ရခိုင်ရိုးမတောင်တန်း အမ်းမြို့အပိုင်၊ တောင်ကုတ်မြို့အပိုင်နှင့် ဂွမြို့အပိုင်တို့တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့မှာ တိုက်ပွဲပြင်ထန်နေဆဲဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် နယ်နမိတ်ချင်း ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသတို့က မြို့နယ်များတွင် စစ်ကောင်စီသည် အင်အားဖြည့်တင်းပြီး ရခိုင်နယ်နမိတ်အား ပြန်လည်ထိုးစစ်ဆင် တိုက်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ၏ ပြန်လည်ထိုးစစ်ဆင်များကို AA ၏ မဟာမိတ်များဖြစ်သော ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူကာကွယ်ရေး တပ်ဖွဲ့များက သက်ဆိုင်ရာ နယ်မြေအလိုက် ကြားဖြတ်တိုက်ခိုက်မှုများကို ပြုလုပ်ပေးလျှက်ရှိကြသည်။

“ဂွမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်ဖို့ စစ်ကောင်စီဟာ ပုသိမ်မြို့ကတစ်ဆင့် ငသိုင်းချောင်းမြို့နဲ့ မကျီးဇင်ရွာဘက်ကို လက်နက်နဲ့ စစ်အင်အားတွေ အများအပြားပို့နေပါတယ်။ ပုသိမ်က ကုန်ကားတွေကို ပေါ်တာဆွဲပြီး တစ်ရက်မှာ အနည်းဆုံး ကား ၄ စီးနဲ့ တပ်သား ၂၀၀ လောက်ကို ပို့ပေးနေတာပါ” ဟု ပုသိမ် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အာရက္ခတပ်တော် AA သည် လက်ရှိတွင် ရခိုင်ရိုးမတောင်တန်းပေါ်က စစ်ကောင်စီ တပ်စခန်းများနှင့် ရခိုင်နှင့်ထိစပ်နေသည့် မကွေး၊ ပဲခူး၊ ဧရာဝတီဒေသများက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက််နေကြောင်း သိရသည်။

တစ်ဖက်မှာလည်း ရခိုင်ပြည်အတွင်း ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့တွင်လည်း စစ်ကောင်စီတပ်များနှင့် စစ်ရေးတင်းမာလျှက်ရှိနေပြီး ဒေသခံ ပြည်သူများမှာလည်း တိမ်းရှောင်လျက် ရှိနေကြကြောင်း သိရသည်။

တောင်ပုံကြီးစခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်ထားကြောင်းကို Western News အနေဖြင့် သီးခြားအတည် မပြုနိုင်သေးကြောင်းနှင့် အာရက္ခတပ်တော် AA ၏ တရားဝင်ထုတ်ပြန်ချက်ခြင်းလည်း မရှိသေးပေ။

1 Comment

Comments are closed.

ဆက်စပ်သတင်းများ