Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်မှုထမ်း တပ်သားနှစ်ဦးအား မိသားစုကို စစ်ကောင်စီတပ်ဖက်က တစ်စုံတစ်ရာ အကြောင်းကြားချင်း မရှိဘဲ ပျောက်ဆုံးစာရင်းသွင်းထားကြောင်း မိတ်ဆွေများထံမှ စုံစမ်းသိရသည်။

ဧရာ၀တီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် ၂ ရပ်ကွက်မှ စစ်မှုထမ်းတပ်သား အောင်နိုင်ထွန်းနှင့် သက်ပိုင်စိုးတို့ ၂ ဦးသည် ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း မိသားစုကို စစ်တပ်က အကြောင်းမကြားခြင်းမရှိခဲ့ကြောင်း မိတ်ဆွေများမှ ပြောသည်။

မိသားစုဝင်တစ်ဦးက “စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း ကိုအောင်နိုင်ထွန်းနဲ့ ကိုသက်ပိုင်စိုးက အတင်းအကျပ် စစ်တပ်ထဲ အသွင်းခံရသူတွေပါ။ အသက်တွေက ၂၀ ကျော်လေးတွေ။ သူတို့ ရခိုင်တိုက်ပွဲမှာ ကျဆုံးတာကို တပ်ထဲက မိတ်ဆွေတွေက မိသားစုဆီကို လှမ်းပြောကြတယ်”ဟုပြောသည်။

စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းတက်ရောက်ခဲ့ရသော တပ်သား အသက် ၂၃ နှစ်အရွယ် အောင်နိုင်ထွန်းနှင့် အသက် ၂၆ နှစ်အရွယ် သက်ပိုင်စိုးတို့ ၂ ဦးသည် သေဆုံးမှုနှင့် ပတ်သတ်၍ တပ်တွင်းမှ မိတ်ဆွေများက မိသားစုထံသို့ ဖုန်းဆက်အကြောင်းကြားရာမှ သိရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ မိသားစုများက စစ်တပ်ထံသို့ တရားဝင် ဆက်သွယ်မေးမြန်းရာတွင် ၂ ဦးစလုံး တိုက်ပွဲတွင် သေဆုံးသည်ဟု ပြောဆိုခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟုသာ စစ်တပ်ဖက်က ပြန်လည် တုန့်ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

“အဲဒါ မိသားစုက တပ်ဘက်ကို မေးတော့ ကျဆုံးတယ်လို့ မပြောဘူး။ ပျောက်ဆုံးနေတယ်လို့ပဲ ပြောတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်း သက်တိုတောင်းခြင်း၊ ပျောက်ဆုံးစာရင်း သွင်းထားခြင်းတို့ကြောင့် သေဆုံးသွားသော စစ်မှုထမ်း ကိုအောင်နိုင်ထွန်းနှင့် ကိုသက်ပိုင်စိုးတို့အတွက် မည်သည့် ခံစားခွင့်မှ စစ်တပ်က ပေးနိုင်မည် မဟုတ်ဟု ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် စစ်ကောင်စီတပ် အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွင် စစ်ကောင်စီဖက်က ထောင်နှင်ချီသော တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး တပ်စခန်း တပ်ရင်းဌာနချုပ်များမှာလည်း ရာနှင့်ချီ သိမ်းပိုက်ခံခဲ့ရသည်။

ရခိုင်ပြည်အတွင်းက ၁၇ မြို့နယ်ထဲတွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်ကလွှဲပြီး ကျန်မြို့နယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားကာ မြို့နယ်များတွင်လည်း AA တပ်ဖွဲ့ဝင် အများအပြားဖြင့် လုံခြုံရေး နေရာချပေးထားသည်။

ထို့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် တပ်ရင်းမှူးစသော စစ်ကောင်စီ၏ ထိပ်တန်းစစ်တပ်အရာရှိ အများအပြား ဖမ်းဆီးခံခဲ့ရပြီး အလံဖြူထောင် အလင်းဝင်ရောက်ခဲ့ကြသည်ကို လည်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ