Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

၂၀၂၄ လွန်မြောက်၍ ၂၀၂၅ နှစ်သစ်သို့ရောက်ရှိလာပြီ။ ၂၀၂၄ ခုနှစ်သည် စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည် သူများ အတွက် အကျပ်အတည်း အခက်ခဲပေါင်းစုံကို ခါးစည်းခံ အံကြိတ်ခဲ့ရသည်။ ယင်းကြောင့် နှစ်ဆိုးကြီးတစ်ခု အဖြစ် ဟု လည်း မှတ်ယူနိုင်သည်။ သို့သော် အာရက္ခတပ်တော်နှင့် ရခိုင်ပြည်သူများ မျှော်လင့်ချက် လွတ်မြောက်နယ်မြေများ နှင့် အောင်မြင်မှုမှတ်တိုင် အလီလီ စိုက်ထူနိုင်ခဲ့သည်။

ယင်းကြောင့် ၂၀၂၅ ခုနှစ် ရခိုင်ပြည်အခင်းအကျင်း ဖြစ်နိုင်ခြေကို ဟောကိန်းထုတ်ရသော် ပြီးခဲ့သည့် နှစ်ကိုလည်း အနည်းငယ်လည် ပြန်လှည့်ကြည့်ရန် လိုပေမည် ဖြစ်သည်။

၂၀၂၄ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ တစ်နှစ်အတွင်း ပလက်ဝအပါအဝင် မြို့နယ် ၁၅ ခုကို အာရက္ခတပ်တော် က စစ် ကောင်စီကင်းစင်နယ်မြေအဖြစ် မောင်းထုတ်နိုင်ခဲ့သည်။ ရခိုင်ပြည် တော်လှန်ရေးမှတ်တမ်း နှစ်ပေါင်း ၇၀ ကျော်အတွင်း မယုံနိုင်အောင်ပင် AA လုပ်ပြနိုင်ခဲ့သည်။ ယခုအခါ ပလက်ဝကနေ ရခိုင်တောင် ဘက်စွန်ဆုံး ဂွမြို့နယ် အထိ စစ်ကောင်စီ တပ်သားများ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

ရခိုင် ပင်လယ်ကမ်းခြေမြို့များဖြစ်ကြသော မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ ၃ ခု သာ AA က တိုက် ထုတ် ရန်ကျန်တော့သည်။ ပထဝီမြေပြင်ကို ကြည့်ရသော် အဆိုပါ ၃ မြို့မှာ ရခိုင်ပြည်အတွင်း ပိတ်ကျန်နေတော့သည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံ နယ်စပ်အပါဝင် တံတိုင်းသဖွယ် ကာရံထားသည့် ရခိုင်ရိုးမတောင် တန်းကြီး တလျှောက်ကို AA က ထိန်းချုပ်စိုးမိုးထားပြီးဖြစ်သည်။

ယခုနှစ် ရခိုင်ပြည်ဖြစ်လာနိုင်ခြေကို မှန်းဆကြည့်ရမည်ဆိုပါက နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၉ တွင် အာရက္ခတပ်တော် ၏ ထူးခြားသည့် ထုတ်ပြန်ချက်နှင့် ဆက်စပ် သုံးသပ် ကြည့်ရမည်။

စစ်ကောင်စီကို သွေးတိုးစမ်းလိုက်သည့် AA

အာရက္ခတပ်တော်သည် စစ်ရေးအသာစီးရနေချိန်တွင် “ နိုင်ငံ၏ ပြည်တွင်း အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်း လမ်းများဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း ” ပြောဆိုလာခဲ့သည်။

အထက်ပါ စကားလုံးများ၏ အဓိပ္ပာယ်ကို နိုင်ငံရေးအကဲခတ်တို့က ရှုထောင့်မျိုးစုံက သဘောထား မှတ်ချက်ပေးကြသော်လည်း ဆိုလိုရင်းမှာ စစ်ကောင်စီကို စိန်ခေါ်လိုက်ခြင်း တစ်မျိုးမြင် ရသည်။

ယင်းအချက်သည် စစ်ကောင်စီအတွက် ဝေခွဲမရအောင် ဆုံးဖြတ်ရခက်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် AA နှင့် သဘောတူ တွေ့ဆုံဆွေးနွေးခဲ့သော် စစ်ကောင်စီအတွက် အရှက်ရစရာများစွာ ရှိနေပေသည်။ သေချာသည်မှာ ဆုံး ရှုံးသွားသည့် နယ်မြေများကို AA ထံမှ အောက်ကျိုးခံပြီး ပြန်ပေးပါဟု ငိုတောင်း၍ မရတော့ပေ။  ရခိုင်ပြည်ကို လိုလျှင် တိုက်ယူပါဟု ယခင်က ကြွေးကြော်ခဲ့သည့်အတိုင်း AA က တိုက်ယူထားသည်။ ယင်းကြောင့် စစ်ကောင်စီ သည် နိုင်ငံရေး ဂုဏ်သိက္ခာ၊ စစ်ရေးဂုဏ်သိက္ခာ ဘိတ်ဆုံးကို ထိုးကျသွားပြီ။ AA ထံ စစ်ရှုံးကြောင်းကို တရားဝင် ဝန်ခံ လိုက်သလို ဖြစ်တန်ပေသည်။ ယင်းအပြင် AA ကို အကြမ်းဖက်အဖွဲ့ဟု ကြေညာထားမှု အလိုလို ပျက်ပြယ်သွားပြီး AA ကို ရခိုင်ပြည်အတွင်း တရားဝင် ဒေသအာဏာပိုင်အဖွဲ့ ဒီဖက်တို (ဥပဒေအရ တရားဝင် အသိအမှတ်ပြု ခံရခြင်း မရှိသော်လည်း လက်တွေ့မြေပြင်တွင် တည်ရှိနေသော အုပ်ရေး အာဏာပိုင်အဖွဲ့ဖြစ်သည်) အစိုးရအဖြစ် အသိမှတ်ပြုသဖွယ် ဖြစ်သွားမည်။

နောက်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကို မတိုက်ပါနဲ့တော့ဟု စစ်ကောင်စီဘက်က ပြောဆိုရမည်။ အာရက္ခတပ်တော်ကမူ ရခိုင်ပြည် ပထဝီဝင်အနေထားအရ ၎င်းတို့ ထိန်းချုပ်နယ်မြေကို ထောက်ပြပြီး ယင်းမြို့ ၃ ခု ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုပ်ပေးပါဟု ဆွေးနွေးမည်။ အသာတကြည် မဆုပ်ပါက တိုက်ယူတော့ မည်ဟု ခြိမ်းခြောက် လိုက်သလိုဖြစ်နေသည်။

အခြားတစ်ဖက်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်ငြိမ်းချမ်အောင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနှင့်သာ ဖြေရှင်းမည်ဟု ၂၀၂၅ ဇန်နဝါရီလ ၁ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းနှင့် ၂၀၂၄  ဒီဇင်ဘာ ၃၀ ကရင်အမျိုးသား နှစ်သစ်ကူးနေ့  မိန့်ခွန်းတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရန် အမြဲတံခါး ဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း ယနေ့ထိ AA အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ မရှိသေးသည့်အပြင် ဆုံးရှုံးနယ်မြေ ရခိုင်ဒေသနှင့် အခြားပြည်နယ်နှင့် တိုင်းများကို စစ်ကောင်စီက နေ့စဉ် လေကြောင်း တိုက်ခိုက်မှုများ ရှိနေသည်။ ယင်းသည် ဆွေးနွေးစရာမရှိကြောင်းကို ပြသနေပေသည်။

အထက်ပါအကြောင်းအရင်း ၂ ချက်ကို ခွဲခြမ်းစိပ်ဖြာကြည့်ခြင်းအားဖြင့် ယခုနှစ် ရခိုင်ပြည်အလားအလာ ဖြစ်နိုင် ခြေကို မြင်နိုင်၏။

နှစ်ဘက်တွေ့ဆုံ နိုင်ငံရေးဆွေးနွေးမှုမရှိခဲ့လျှင် စစ်ရေးကျယ်ပြန့်လာလတ္တံ့။ ယင်းကြောင့် စစ်ရေး အခြေအနေ ကို ကြည့်ရသော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် စကားကို သတိချပ်ရမည်။ “ ၂၀၂၅ နှစ်လယ် မှာ ရခိုင်ပြည် အပြောင်းအလဲကြီး တစ်ခုဖြစ်ရမယ် ” ရခိုင်မှာ သိမ်းစရာရှိတဲ့ မြို့တွေအကုန်လုံးကို အင်္ဂါ ဂြိုလ်က လာတား လဲမရ ” ဟု တရားဝင် ပြောထားသည်။  AA ခေါင်းဆောင်သည် စကားပြော ပြတ်သား၏။ ပြောသည့် စကားကို တာဝန်ယူပြီး အလုပ်နှင့် သက်သေပြတတ်သည်။ စိတ်ထားကြီးသည် မျှော်လင့်ချက်မြင့်သည်။ ယင်းကြောင့် မြန်မာ နိုင်ငံအနှံ့က EAOs အားလုံး ဖက်ဒရယ်ဒီမိုကရေစီဟု တညီတညွတ်တည်း ကြွေးကြော် နေချိန်တွင် ကွန်ဖက်ဒရိတ်အဆင့်ကို မျှော်လင့်ကြောင့် ရဲရဲဝံ့ဝံ့ထုတ်ပြောရဲသူပင်။

စစ်တွေ စစ်မြေပြင် အလားလာ

မကြာခင် စစ်တွေမြို့ အလားလာမည်သို့ရှိမည်နည်း။ လက်ရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက် ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုလည်း အာရက္ခတပ် တော်က ဝိုင်းရံပိတ်ဆို့ထားသည်။ ထို့အတူ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် မြေပြင်၌လည်း အပြန်အလှန် ပစ်ခတ်မှုများ နှစ်ဘက်ရန်စမှုများ နေ့စဉ်ရှိနေသည်။

ယင်းထက်တစ်ဆင့်တိုးပြီး အာရက္ခတပ်တော်၏ ထိုးစစ်အရှိန်မြှင့်လာနိုင်သည်။ ယင်းကြောင့် စစ်တွေမြို့ကို အရှိန်မြှင့် ထိုးစစ်ဆင်ရန် မြေပြင်တွင် AA တပ်မှူးများ မဟာဗျူဟာ ရေးဆွဲနေသည်ကို မြင်ရသည်။ စစ်တွေသည် တောင်တန်း လုံးဝမရှိသည့် ရခိုပြည်က တစ်ခုတည်းသောမြို့နယ်ဖြစ်ပြီး ရေတပ်အင်အားကောင်းနေသဖြင့် တိုက်နိုင်ပါ့ မလား။ ခက်ခဲ့လိမ့်မည်ဟု လူတိုင်းတွေးနိုင်သည်။

သို့သော် AA ၏ ထိုးစစ်ဗျူဟာကြီးနှင့် ယနေ့တွင် ချဉ်းကပ်နေမှုကို သတိထားသည်။  အဓိက ခေတ်မီ လက်နက် ကြီးများ အပြိုင်အဆိုင်တပ်ဆင်နေခြင်းပင်။ စစ်တွေမြို့နယ် ဘေးပတ်ပတ်လည် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်စသည့် နေရာများတွင် AA က လက်နက်ကြီးများ အဆင်သင့်တပ် ဆင်ထားပြီးဖြစ်သည်။ တစ်ဖက်မှာလည်း စစ်ကောင်စီသည် မောင်တောနှင့် အမ်းမြို့နယ်ကို ကျရှုံးပြီးနောက်ပိုင်း စစ်တွေပင်လယ်ပြင် မြို့ပတ်လည်ကို နေဗီ ၁၀ ထက်မနည်းဖြင့် ဝိုင်းရံကာ အင်အားတိုးမြှင့်ထားသည်။

ရန်သူ့လက်နက် ကိုယ့်လက်နက်ဟု AA ထုတ်ပြောထားသည့် အတိုင်း ရခိုင်ပြည် မြို့အနှံ့က ရရှိထားသည့် သံချပ် ကာ၊ တင့်ကား၊ ဟာဝစ်ဇာ အပါအဝင် အခြားခေတ်မီ လက်နက်ကြီးများဖြင့် မြေပြင်တွင် စမ်းသတ်ပစ် ခတ်နေသည်။ စစ်ကောင်စီ ကုလားတန်မြစ်အတွင်း လှုပ်ရှားနေသည့် နေဗီများကို ပစ်ခတ်နေမှု ယခုရက်ပိုင်း ဒေသတွင်း သတင်း များတွင် ဖတ်ရှုကြရမည်ပင်။ ယင်းသည် စမ်းသပ်မှုအဆင့်သာ ရှိသေးသည်။

နောက်တစ်ချက် မြေပြင်စစ်ဘက်ရေးရာ သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ အာရက္ခတပ်တော်တွင် ရခိုင် ပြည်တွင်း ကိုယ်ပိုင်လက်နက်စက်ရုံရှိနှင့်ပြီး သားဖြစ်သည်။ ယခင် ၂၀၁၈ ခုနှစ်လောက်က ဧရာဝတီ သတင်း ဌာနနှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်မှာ လက်နက်စက်ရုံ တည်ဆောက်ဖို့ မျှော်လင့်ထား ကြောင်း ထုတ်ပြောခဲ့ ဖူးသည်။  ယခုအခါ စစ်တွေမြို့သိမ်းတိုက်ပွဲအတွက် လိုအပ်သည့် လက်နက်ကြီးကျည်များ ထုတ်လုပ်နေကြောင်း သိထားရသည်။ စစ်တွေတိုက်ပွဲအတွက် ခေတ်မီ အဆင်မြင့် ဒရုန်းများလည်း AA လက်ထဲ တွင် ရရှိထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ယင်းကြောင့် စစ်တွေတိုက်ပွဲသည် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ တောတောင်မရှိဘဲ သတ်ကွင်း ထောင်ချောက် မျိုးစုံးဖြင့် ခံစစ်လုပ်ထားသည့် မောင်တော နခခ ၅ ၏ မြေပြန့်တိုက်ပွဲကြီးကို အနိုင်တိုက်နိုင်သည့် အာရက္ခတပ်တော် တိုက်စွမ်းရည်မှာ စစ်တွေတွင် ယင်းထက် ထင်ရှားမြင်လာနိုင်ပေသည်။ စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ အပါအဝင် အမြောက်တပ်၊ တပ်ရင်း၊ ရဲတပ်ရင်း ၁၀ ခုနီးပါးရှိနေသည်။

မည်သို့ပင်ဖြစ်ပါစေ နိုင်လိုစိတ်ပြင်းပြနေသည့် အာရက္ခတပ်တော်၏ စစ်သည်တော်များ၏ စိတ်ဓာတ်နှင့် အနစ် နာခံမှုကို နောက်ဆုံး စစ်တွေ စစ်မြေပြင်တွင် တွေ့ရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း တိုက်ပွဲအတွေ့ကြုံ၊ အိမ်စာကျေ ညက်ထားသည့် AA တပ်ဖွဲ့ဝင်များအတွက် စစ်တွေမြို့သည်လည်း ဘယ်အချိန်ထိ တင့်ခံနိုင်မည်နည်း။

ကျောက်ဖြူ စစ်မြေပြင် အလားအလာ

နေ့စဉ် ဝင်ငွေ ဘီလီယံနှင့်ချီတန်ဖိုးရနေသည့် တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူ စစ်မျက်နှာပြင်သည်လည်း ရခိုင်တိုက်ပွဲအတွင်း စိတ်ဝင်စားမှု အများဆုံးနေရာဖြစ်ပေသည်။ ထို့အတူ တရုတ်ဖိအားများလည်း AA ထံတွင် ရှိနေ သည့်အထဲ ပါးနပ်စွာကိုင်တွယ်ရပေသည်။ ယင်းကြောင့် တရုတ်စီမံကိန်းကို လုံးဝ မတို့မထိဘဲ တိုက်ကွက်ဖော် စစ်ကစားရမည့် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲကြီးဘယ်သို့ ဘယ်ပုံ ဖြစ်လာမည်နည်း။

ကျောက်ဖြူမြို့၏ တည်နယ်ရာအနေထားသည် ဒီရေတောကို အခြေပြုပြီး လူနေထိုင်ရာများ အခြေချထားသည်။ ကျောက်ဖြူမြို့တွင် ကံ့ကော်တောဘုရားအနားတွင် တရုတ်၏ ဂတ်စ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် မဒေးကျွန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း စက်ရုံများရှိသည်။ ကံ့ကော်တော ဘုးရားအနီးနားသည် စစ်ပွဲဧရိယာနှင့် နီးသည်။ စစ်ကောင်စီတပ်ရင်း ၅၄၂၊ ၅၄၃ တို့ရှိသည်။ ယင်းကြောင့် တိုက်ပွဲအမှန်ဖြစ်လျှင် သတိထားရမည့် အခြေ နေဖြစ်သည်။ သို့သော် အဆိုပါ နေရာများကို လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှသာလျှင် တရုတ်စက်ရုံ ထိ နိုင်ခြေဖြစ်ရှိသည်။ ထို့အတူ ပဒေးကျွန်းသည်လည်း သီးခြားဆန်သည့် ကျွန်းဖြစ်သဖြင့် တိုက်ပွဲအတွင်း ထိခိုက် နိုင်ခြေနည်းမှုကို တွေ့ရသည်။

တပ်ရင်းတပ်ဖွဲ့ဖွဲ့စည်းပုံအရ မြို့အစွန်နှင့် ဘေးပတ်လည်တွင် စစ်ကောင်စီတပ်သည် မြို့လယ်တွင် တစ်ခု၊ မြို့စွန်တွင် ၂ ခုနှစ်နှင့် ရဲတပ်ရင်း အားလုံးစုစုပေါင်း ၄ ခုသာရှိပြီး တရုတ်စီမံကိန်းကို မထိခိုက်ဘဲ တိုက်ပွဲဖော်၍ ရသည့် နေရာများရှိနေသည်။

စစ်ရေး သတင်းရင်း မြစ်များ၏ သတင်းအရ ကျောက်ဖြူတိုက်ပွဲကို မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ဦးဆောင်မည့် သူမှာ ဒေသခံ ကျောက်ဖြူ ဇာတိဖြစ်သူ ဗိုလ်မှူး မြင့်စိုးဖြစ်ကြောင်း သိထားသည်။

ဗိုလ်မှူးအောင်မြင့်စိုးသည် ၂ဝဝ၅ ကနေ ၂ဝ၁၈ အထိ အမှတ် (၇ဝဝ၅) သံချပ်ကာ တိုက်ခိုက်ရေး တပ်ရင်း၊ အမှတ် (၇၃) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ် (၅၃၁) တင့်ကား တပ်ရင်းများတွင်  တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် လက်နက်ကြီးပစ်ခတ်မှုအပါအဝင် စစ်ရေးပရိယာယ်နဲ့ နည်းပညာတွေကိုပါ ကျွမ်းကျင်သူအဖြစ် သိထားသည်။

ဗိုလ်မှူးမြင့်စိုးသည် ကျောက်ဖြူလွှတ်တော်အမတ်ဟောင်း ဦးဖိုးစံသားဖြစ်သည်။ စစ်ကောင်စီတပ်က ထွက်လာပြီး ရခိုင်ပြည် လွတ်မြောက်ရေးအတွက် အာရက္ခတပ်တော်ထံ ဘက်ပြောင်း ခိုလှုံပူးပေါင်း လာသူဖြစ်သည်။

သူသည် မောင်တော နခခ ၅ တိုက်ပွဲကို ဦးဆောင်ခဲ့သူတစ်ဦးအဖြစ် ထင်ရှားခဲ့သည်။ လက်နက်ကြီး ပစ်ကူနှင့် နည်းပညာ များကို ကျွမ်းကျင်စွာ သုံးတတ်သူဟု နာမည်ကြီးသည်။ ယခုအခါ မြေပြင်တွင် လက်နက်ကြီးအထိုင်နှင့် အခြား ပစ်မှတ် ဗျူဟာများ စမ်းသပ် တိုင်းထွာမှု စတင်နေပြီးဖြစ်ကြောင်း သိထားသည်။

ကျောက်ဖြူတွင် ဓညဝတီ ရေတပ်ဌာနချုပ်တည်ရှိသဖြင့် ရေတပ်၊ တိုက်နေဗီများကို သတိထားမည့် အခြေအနေ ရှိသည်။  သို့သော်လည်း သံတွဲမောင်ရွှေလေး ရေတပ်ဌာနချုပ်ကို သိမ်းပိုက်နိုင်လိုက်သည့် မြေမြင်စစ်ရေး အတွေ့ အကြုံ အာရက္ခတပ်တော်ရရှိထားပြီးသားဖြစ်နေသည်။

မာန်အောင် ဖြစ်နိုင်ခြေ

အလားတူ မာန်အောင်စစ်မျက်နှာကို အာရက္ခတပ်တော်က နောက်ဆုံးချန်ထားမည့် အလားအလာရှိနိုင်သည်။ မာန်အောင်ကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင် သီးခြားဆန်သည့် ပင်လယ် ကျွန်းဖြစ်သဖြင့် ကမ်းကပ်တိုက်ပွဲ ဖော်ဆောင် မည်လား။ သို့မဟုတ် မြို့တွင်းကနေ တိုက်ပွဲဖော်မည်လား မသိနိုင်ပေ။ မာန်အောင်သည် AA အတွက် မည်မျှ အရေးပါမည်နည်း စသည်ဖြင့် မေးခွန်းများစွာရှိနေသည်။

တစ်နည်းအားဖြင့် ပင်လယ်ပြင်ကြီးထဲမှာ ရေတပ်အများဆုံး အထိုင်ချထားသည့် မာန်အောင်ကျွန်းတွင် AA အနေနှင့် ပိတ်မိသွားလျင် ထောက်ပို့လမ်းကြောင်း ပြတ်တောက်သွားပြီး ဒုက္ခမရောက် နိုင်မလားဆိုပြီး စိုးရိမ်စရာများ ရှိကြမည်။

သိုသော် မာန်အောင်ကျွန်း အနီးက ကုန်းမြေဧရိယာအားလုံး တောင်ကုတ်၊ ရမ်းဗြဲစသည့် မြို့နယ်များကို စိုးမိုးထား နိုင်သည့် အတွက် မာန်အောင်ကို တိုက်ဖို့ လိုမည်လား စသည်ဖြင့် စဉ်စားစရာလည်းရှိ ပြန်သည်။ ကုန်းမြေ ဧရိယာကို ပိုင်ဆိုင်သည့် AA နှင့် ပင်လယ်ထဲတွင်ရှိနေသည့် စစ်ကောင်စီတို့ နိုင်ငံရေး သဘောတူညီ ချက်လုပ်ပြီး အပေးအယူ တစ်ခုခုလုပ်မည်လားဆိုသည်ကို စောင့်ကြည့်ရမည့် အနေအထား ဖြစ်သည်။

AA အဘယ်ကြောင့် စစ်နိုင်ရသနည်း

မြန်မာနိုင်ငံအနှံ့တိုက်ပွဲများထဲတွင် ရခိုင်ဒေသကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုတပြိုင်နက်တည်း တိုက် ခိုက်နိုင်ခဲ့သည့် ဒေသဖြစ်သည်။ ယင်းအထဲကနေ အာရက္ခတပ်တော်က စစ်ကောင်စီကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတစ်ခုတွင် လေကြောင်းပစ်ကူ၊ ရေကြောင်း ခေတ်မီလက်နက်ခဲယမ်း မည်သို့ပင်သာစေကာမှု မြေပြင်တပ် ကူ မရောက်ခဲ့လျှင်၊ သို့မဟုတ် တပ်ဖွဲ့ဝင်များ အစားရေစာငတ်ပြတ်ပြီး တိုက်လိုစိတ်ကုန်ခမ်းသွားလျှင်၊ သို့မဟုတ် စိတ်ဓာတ်ကျဆင်းခဲ့လျှင် အုပ်စုလိုက် လက်နက်ချတတ်သည့် မြင်ကွင်းများကို  ရခိုင်တိုက်ပွဲများက သက်သေပြခဲ့ ပြီးဖြစ်သည်။

AA တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ တိုက်ပွဲတိုင်းတွင် စစ်ကောင်စီကို အစာရေစာဖြတ်တောက်ထားခြင်းသည် အဓိကကျကြောင်းဆိုသည်။ ပလက်ဝ နှုန်းဘူး၊ ထရွန်အိုင် ဗျူဟာကုန်းကြီးများ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရေပြတ်လပ်သွားသည်အထိ ပိတ်ဆို့နိုင်ခဲ့ကြောင်း သိရသည်။ ရေအရင်းမြစ်ရှိရာ နေရာများအားလုံးကို AA က ပိတ် ဆို့လိုက်သဖြင့် ကာလအတန်ကြာသော် စစ်ကောင်စီတပ် စိတ်ဓာတ်ကျဆင်းစေကြောင်း ဆို၏။ အစာရေ စာများ လေကြောင်းဖြင့် မည်သို့ပင် ပို့စေကာမှု ထိရောက်မှုနည်းသဖြင့် မထိရောက်ခဲ့ပေ။ အမ်း နပခတွင် လက် နက်ချ သည့် အကြောင်းအရင်းမှာ ရေပြတ်လပ်မှုပင်ဖြစ်ပေသည်။

ထို့အတူ စစ်ပွဲတစ်ပွဲ၏ အောင်နိုင်ရခြင်း အဓိက အကြောင်းရင်းကို ရှာကြည့်သည့်အခါ လူထုထောက်ခံမှု၊ စစ်ရေး မဟာဗျူ ဟာ နည်းလမ်းမှန်ကန်မှု၊ ထိရောက်သည့် ခေါင်းဆောင်မှုအောက်တွင် အမိန့် နာခံပြီး စစ်စည်းကမ်း တိုက်ရည် ခိုက်ရည် စစ်စွမ်းရည်ပြည့်ဝမှု၊ လက်နက်အင်အား၊ နည်းပညာ၊ မဟာမိတ် အင်အားတို့ အဓိကကျသည်။ အဆိုပါ အချက်များသည် အာရက္ခတပ်တော်ထံတွင် ရှိနေပြန်သည်။ ယင်းကြောင့် လာမည့်တိုက်ပွဲများသည်လည်း AA စစ်နိုင်ခြေအလားအလာများစွာရှိ နေသည်ကို မြင်နေရသည်။

၂၀၂၅ ရခိုင်ပြည်သူတို့ မျှော်လင့်ချက်

၂၀၂၄ ခုနှစ် ရခိုင်ပြည်သည် စစ်ရေးအားသာမှုကလွဲပြီး စီးပွားရေး၊ လူမှုရေး အပြာင်းအလဲအမျိုးမျိုး၊ အခက်ခဲ အကျပ်အတည်းများစွာ ရှိခဲ့ပြီး ပြည်သူများ ဒုက္ခရောက်ခဲ့သည်နှစ်ဖြစ်ခဲ့သည်။ စစ်ရေးပဋိပက္ခကြား ဒေသခံ သိန်းနှင့် ချီနေရပ်စွန့်ခွာရမှု၊ လက်နက်ကြီး လေကြောင်း အန္တရာယ်ကြောင့် အသက်သေဆုံး၊ ဒဏ်ရာရမှုများစွာရှိခဲ့သည်။ ရှိနေဆဲလည်း ဖြစ်သည်။ ထို့အတူ အခြေခံကုန်စည် ဆေးဝါး၊ စက်သုံးဆီ၊ အစာရေစာ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ပြတ် လပ်မှုများဖြင့် ကြုံခဲ့ရသည်။

ထို့အတူ ၂၀၂၅ တွင် ရခိုင်ပြည်သူများ မျှော်လင့်နိုင်ခြေများစွာရှိလာမည်ပင် ဖြစ်သည်။ ဒေသကို ကိုယ်ပိုင် စီမံအုပ်ချုပ်နေသည့် ULA ၏ အခန်းကဏ္ဍ လုပ်နိုင်စွမ်းရည်က အဓိကကျပေသည်။ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး စသည့် အခြေခံ ကဏ္ဍများကို ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားရမည်။

အထက်ပါပြောခဲ့သည့်အတိုင်း စစ်ပွဲများ၊ လေကြောင်းပစ်ခတ်မှုများ ဆက်ရှိနေနိုင်သော်လည်း တိုက်ရင်းတည် ဆောက်နေသည့် AA သည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ မည်သည့်အတိုင်အတာတစ်ခုထိ စွမ်းဆောင်ပေးရန် လိုအပ်ပေသည်။

အဓိက ပြည်တွင်းသို့ ပုံမှန် ကုန်စည်စီးဆင်းမှုအားကောင်းအောင်စွမ်းဆောင်ပေးရမည်။ သင့်တော်လျှောက် ပတ်သည့် ကုန်ဈေးနှုန်း၊ ကွန်မြူနီကေးရှင်း ဖုန်း၊ အင်တာနက်သုံစွဲခွင့် မျှော်လင့်ရမည်။ ယင်းအပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံကျသည့် ပြည်သူ့ဝန် ဆောင်မှုကို ULA/AA အစိုးရက အပြည့်အဝ တာဝန်ယူရမည်ဖြစ်သည်။

အချုပ်အားဖြင့် အာရက္ခတပ်တော်၏ ဦးဆောင်မှုအောက်တွင် ရခိုင်ဒေသနေ မွတ်ဆလင်၊ ချင်းနှင့် မျိုးနွယ်စုအားလုံး တော်လှန်ရေးဒုက္ခ၊ ဆင်းရဲခြင်း ဒုက္ခများကို အတိုင်းတာတစ်ခုထိ ကုစားနိုင်မည့် အခြေအနေတစ်ခု  ၂၀၂၅ တွင် မြင်တွေ့ရနိုင်ကြောင်း  ယုံကြည်မျှော်လင့်သည်။

  • ယခု သုံးသပ်ချက် ဆောင်းပါးအား Western News က ရေးသားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ