ရခိုင်ပြည် မာန်အောင်မြို့က ထွက်ခွာလာသော လူပေါင်း ၃၀၀ ခန့်ပါသော ရခိုင်စစ်ရှောင်သင်္ဘောမှာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်မှာ တစ်ပတ်ကျော်ကြာ စစ်ဆေးခံရပြီးနောက် ရန်ကုန်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်း ပင်လယ်ပြင်မှ ဇန်နဝါရီလ ၄ ရက်နေ့က စတင်ထွက်သွားသော ရခိုင်စစ်ရှောင် သင်္ဘောမှာ ရန်ကုန်မြို့ ဘုရင့်နောင်ဆိပ်ကမ်းသို့ ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ရောက်ရှိသွားကြောင်း ဟိုင်းကြီးကျွန်းဒေသခံတစ်ဦးက ပြောသည်။
“ရခိုင်ကလာတဲ့ သင်္ဘောတစ်စီးဟာ ဒီဟိုင်းကြီးကျွန်းအနီးမှာ တစ်ပတ်ကျော်လောက် စစ်ဆေးခံခဲ့ရပါတယ်။ အခုတော့ ရန်ကုန်ရောက်သွားပြီကြားပါတယ်။ စစ်ရှောင်တွေလို့ ပြောပါတယ်။ လူပေါင်း ၃၀၀ နီးပါးလောက်ရှိပါပါတယ်။ ဟိုင်းကြီးကျွန်းက ပြည်သူတွေက အလှူငွေတွေ ကောက်ခံပြီး သင်္ဘောကို သွားပြီး အစားအသောက်တွေ ပေးအပ်ခဲ့ပါတယ်။ အခုတော့ ဘေးကင်းကင်းနဲ့ ရန်ကုန်ရောက်သွားလို့ ဝမ်းသာရပါတယ်” ဟု ပြောသည်။
အဆိုပါ သင်္ဘောပေါ်တွင် မာန်အောင်က ပြည်သူများပါသလို စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်က ဌာနဆိုင်ရာ ဝန်ထမ်းအချို့နှင့် စစ်ရှောင်ပြည်သူများ ပါဝင်ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“မာန်အောင်က ထွက်လာတယ်ဆိုပေမယ့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့က ပြည်သူတွေလည်း ပါပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းအချို့လည်း ပါတယ်လို့ ပြောပါတယ်။ ပထမ ဧရာဝတီတိုင်းကတဆင့် ရန်ကုန်မြို့ကို သွားကြမလို့ပါပဲ။ ဒါပေမယ့် စစ်ကောင်စီက ဟိုင်းကြီးကျွန်း ကမ်းကပ်ခွင့်မပြုဘဲ ပင်လယ်ပြင်ထဲမှာ နေပူထဲမှာ တစ်ပတ်ကျော်ကြာ စစ်ဆေးပြီးမှ ရန်ကုန်မြို့သို့ လွှတ်လိုက်တယ်” ဟု ပြောသည်။
လက်ရှိ သင်္ဘောပေါ်ပါ ရခိုင်စစ်ရှောင်ပြည်သူများကို မရမ်းကုန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးနေပြီး မြို့ထဲ ဝင်ခွင့်မရသူများလည်း ရှိနေကြောင်း သိရသည်။
ရန်ကုန်ရောက် ရခိုင်တစ်ဦးက “ဧရာဝတီမှာ ကမ်းကပ်ခွင့်မရလို့ ရန်ကုန်ကိုလာတာ ဒီနေ့ရောက်တယ် ပြောတယ်။ အချို့က မြို့ထဲဝင်ခွင့်ရပြီးတော့ အချို့ကတော့ ဆက်လက် စစ်ဆေးခံနေရတုန်းပဲလို့ ပြောပါတယ်။ ဘာတွေ စစ်ဆေးနေလဲတော့ အတိအကျ မသိရဘူး။ သင်္ဘောပေါ်မှာက ကလေးတွေ၊ အမျိုးသမီးတွေ အဓိက အများကြီးပါပါတယ်။ မြို့ထဲဝင်ခွင့်ရတဲ့သူတွေတောင် ဘယ်သွားမှာလဲ၊ ဆွေမျိုးရှိလား၊ ဘာလုပ်မှာလဲ ဘယ်ကလာတာလဲ စသဖြင့် ၁ နာရီကြာ စစ်ဆေးခံပြီးမှ ဝင်ခွင့်ရတယ်လို့ ပြောပါတယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်ပြည် ပင်လယ်ပြင်မှ ကုန်သွယ်နေကြသည့် ကုန်သည်သင်္ဘောများကိုလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေပြီး ကုန်သည်များမှာ အခွန်ကို သိန်းရာနှင့်ချီ ပေးဆောင်ရကြောင်းလည်း စုံစမ်းသိရသည်။