အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော ရခိုင်ပြည်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များ အလုံးအရင်းဖြင့် တိုးမြှင့် ချထားပြီး ခံစစ် အသင့်အနေထား ပြင်ဆင်ထားကြောင်း သိရသည်။
ယင်းမြို့ထဲတွင် ရခိုင်ပြည်၊ မြောက်ပိုင်း လက်ကျန် မြို့နယ်ဖြစ်သော စစ်တွေမြို့နယ်မှာ မွတ်ဆလင် စစ်သင်တန်းဆင်း ၁၀၀၀ ကျော်ဖြင့် စစ်တွေမြို့အတွင်း တပ်ရင်းများကို ပို့ဆောင်ထားပြီး ထိုးစစ်ကို ခုခံရင် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။
စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင်တွေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်သင်တန်းတက်ရောက်စေရန် စစ်ကောင်စီက ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အုန်းတောကြီးကျေးရွာ စစ်ရေးသတင်းရေးမြစ်တစ်ဦးက “စစ်တွေ ဒကစ ရယ်၊ ပြီးတော့ ခလရ ၂၀၊ ခလရ ၂၃၂၊ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတွေကို ပို့ထားတယ်လို့ သိထားတယ်။ အဲ့ဒီမှာ ၁၀၀၀ ကျော်လောက် ရှိနေတယ်လို့ သိရတယ်။ ဒကစ မှာ ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့သူတွေပါ။ ပြီးခဲ့တဲ့ နှစ်တွေ တက်တဲ့သူတွေကို နေရာချပေးလိုက်တာပါ”ဟုပြောသည်။
ယခုနှစ် ဇန်နရီ လဆန်ပိုင်းမှစ၍ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးစသည့်ကျေးရွာ အပါအဝင် ဒုက္ခသည်စခန်းတို့မှ စစ်မှုထမ်းဖို့အတွက် လာရောက်ပြီး စာရင်းကောက်သွားကြောင့် ဒေသခံတစ်ဦးက ပြောသည်။
သဲချောင်းက မွတ်ဆလင်တစ်ဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စာရင်းကောက်တာပေါ့။ မဖြစ်မနေ လိုက်ရမယ်။ ထည့်ပေးရမယ်ဆိုပြီး အလုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်ပြောပါတယ်။ ရွာတွေကိုရော၊ ဒုက္ခသည်စခန်းတွေရောပဲ။ ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ခုနှစ်မှာတော့ ဒီဖက်က အမှတ်စဉ်သင်တန်းတက်ရောက်ခဲ့တာ လူပေါင်း ၂၀၀၀ ကျော်လောက်ရှိတယ်။ တစ်ချို့ကတော့ စာရင်းပျောက်နေတာရှိတယ်”ဟုပြောသည်။
စစ်ကောင်စီဖက်က မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများကို သွားရောက်ပြီး စစ်မှုထမ်းသူများ၏ မိသားစုအားလုံးကို ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး လုံခြုံရေးအရ ကင်းစောင့်ပေးရမည်ဟုသာ မတ်လုံးပေး ပြောဆိုခဲ့ကြောင်း ဘောဒူဖတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“တစ်ချို့ကျတော့ စာရင်းမကောက်ပဲ ဒီအတိုင်းသူတို့ သဘောဆန္ဒအရ လိုက်သွားတာရှိတယ်။ သူတို့ပြောတာက လစာလည်းပေးမယ်။ ပြီးတော့ မိသားစုထောက်ပံ့ကြေးလည်းပေးမယ်ပေါ့။ နေ့စရိတ်ဦစားစရတ်တွေ ပူစရာမလိုဘူးပေါ့။ စစ်တိုက်စရာမလိုဘူး။ လုံခြုံရေး ကင်းစောင့်ပေးရမယ်ဆိုပြီးတော့ ခေါ်တာ” ဟုပြောသည်။
အာရက္ခတပ်တော် AA ကလည်း စစ်တွေမြို့နယ် ဘေးပတ်ပတ်လည်နှင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်စသည့် နေရာများတွင် လက်နက်ကြီးများ အဆင်သင့်တပ် ဆင်ထားပြီးဖြစ်ကြောင်းကိုလည်း စစ်ရေး သတင်း သိသူများက ပြောသည်။
စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် ဒကစ စစ်တွေ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ အပါအဝင် အမြောက်တပ်၊ တပ်ရင်း၊ ရဲတပ်ရင်း ၁၀ ခုနီးပါးရှိနေပြီး AA ၏ ထိုးစစ်ကို ခုခံရန်အတွက် အဆင့်သင့်အနေ ရှိနေသည်။
ပြီးခဲ့သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများတွင် စစ်ကောင်စီဖက်က စစ်မှုထမ်း မွတ်ဆလင် အများအပြားကို စစ်မြေပြင်သို့ ပို့ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း သေဆုံးသူအများရှိခဲ့ပြီး လက်နက်ချ အလင်းဝင်ရောက်သူများလည်း ရှိခဲ့သည်။