Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တအောင်းတပ် TNLA ၏ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ခြင်း အစီအစဉ်ကို ညီနောင်မဟာမိတ်အဖွဲ့ အာရက္ခတပ်တော် AA နှင့် ကိုးကန့်တပ် MNDAA အနေဖြင့် ထောက်ခံကြောင်း သဝဏ်လွှာပေးပို့ထားသည်။

ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် MNDAA က ပြောဆိုထားခြင်းဖြစ်သည်။

TNLA က အဖွဲ့အတွင်း နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်တွင် ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးအဖွဲ့များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများအားလုံး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးသို့ လွှင့်တင်ရမည်ဟု ၁/၂၀၂၅ ဖြင့် ထုတ်ပြန် တိုက်တွန်းပြောဆိုခဲ့သည်။

AA နှင့် MNDAA သည် TNLA ထုတ်ပြန်ခဲ့သော ၁/၂၀၂၅ ထုတ်ပြန်ချက်နှင့် ၂/၂၀၂၅ ထုတ်ပြန်ချက်တွင် ပါရှိသော သုံးသပ်ချက်၊ ပြင်ဆင်အားဖြည့်ချက်၊ သဘောထားများအပေါ် အပြုသဘောဖြင့် ရှုမြင်သည်ဟု ထောက်ခံကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

TNLA အနေဖြင့် မျှော်မှန်းထားသော ရည်မှန်းချက်များ အမြန်ဆုံးပေါ်ထွန်းလာနိုင်ရန်လည်း နှစ်သစ်ကူးဆုတောင်းနှင့်အတူ ဆုမွန်ကောင်းတောင်းလိုက်သည်ဟု ဆိုသည်။

တအောင်းတမျိုးသားလုံးနှင့် TNLA တို့သည် တအောင်းအမျိုးသားတော်လှန်ရေးနေ့ကို ယခုအခါ အောင်မြင်မှုများနှင့်အတူ တော်လှန်ရေးသတိအပြည့်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပနေ ကြလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်းလည်း AA နှင့် MNDAA တို့က ပြောသည်။

တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ တအာင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖော်ဆောင်နိုင်ရေးနှင့် တအာင်းပြည်နယ်ရရှိရေးတို့အတွက် တအာင်းအမျိုးသားတော်လှန်ရေး တစ်ရပ်ကို တအာင်းလူမျိုးများမှ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ စတင်လာခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် တအာင်းအမျိုးသားတော်လှန်ရေးနေ့သည် (၆၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

TNLA နှင့် တအောင်းပြည်သူတစ်ရပ်လုံးမှာ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို ညီနောင်အဖွဲ့အစည်းများနှင့်အတူ တစိုက်မတ်မတ် မရပ်မနား နောက်မဆုတ်ဘဲ ကြိုးစားလာခဲ့သောကြောင့် (၆၂) နှစ်ပြည့် ယခုအချိန်တွင် အတိုင်းအတာ တစ်ခုအထိ အထမြောက်နိုင်ခဲ့ပြီဟု သိရသည်။

စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အလုံးစုံအထမြောက် နိုင်သည်အထိ၊ တအာင်းဒေသ ယခုထက် အေးချမ်းသာယာ၊ စည်ပင်၊ ဖွံ့ဖြိုးတိုးတက်သည်အထိ ဆက်လက် ကြိုးပမ်း အားထုတ်ကြရန်ကိုလည်း ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် တိုက်တွန်းကြောင်း AA နှင့် MNDAA က ဆိုသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ MNDAA, TNLA နှင့် AA တို့သည် ဘုံရန်သူ စစ်ကောင်စီအား တော်လှန်တိုက်ထုတ်ကြရာတွင် တစ်ဖွဲ့၏လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ကူညီပံ့ပိုးပေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

ဟန်ချက်ညီတိုက်ပွဲများအတွက် ခက်ခက်ခဲခဲ၊ ဆင်းရဲပင်ပန်းကြီးစွာ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ဖြင့် နှစ်ကာလများစွာ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အောင်မြင်မှုအသီးအပွင့် အချို့ကို ရရှိခဲ့ကြခြင်းသာဖြစ်သည်ဟုလည်း ပြောထားသည်။

အောင်ပွဲနှင့်အတူ ပါရှိလာသော အခက်အခဲ၊ အတားအဆီးများကိုလည်း ကောင်းတူဆိုးဖက် စိတ်ဓာတ်၊ ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ဝိုင်းဝန်းအတူဖြေရှင်းရန် အမြဲတမ်း အသင့်ရှိနေကြောင်းလည်း TNLA ကို MNDAA နှင့် AA တို့က ပြောသည်။

TNLA ကလည်း တအာင်းဒေသခံပြည်သူလူထုတို့၏ တော်လှန်ရေးအောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ဟု ထုတ်ပြန်ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ