အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) သည် ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာနှင့် ကျောက်တော်မြို့ထဲကို ဗုံးအလုံးရေ ၂၀ ခန့် ကြဲချတိုက်ခိုက်ပြီးနောက် ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာကို ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ရမ်းဗြဲ၊ ကျောက်တော်နှင့် ပေါက်တောမြို့တို့သည် အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်တိုက်ခဲ့ပြီး လူအထိအခိုက်မရှိခဲ့သော်လည်း နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း ပျက်စီးသွားခဲ့ရသည်။
စစ်ကောင်စီသည် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် တောင်ဦးမော်ကျေးရွာကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အရပ်သားများ ထိခိုက်ခြင်းမရှိခြင်းမှာ စစ်ကောင်စီ တိုက်လေယာဉ်လာသည်ကို ရွာသားများ တွေ့မြင်လိုက်၍ ရွာထဲမှ အချိန်မီထွက်ပြေးသွားလိုက်မိသောကြောင့် အထိအခိုက်မရှိကြခြင်းဖြစ်သည်။
ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီတွင် ကျောက်တော်မြို့ထဲကို စစ်ကောင်စီသည် ဗုံး ၁၅ လုံးထက်မနည်း ကြဲချတိုက်ခဲ့၍ သေဆုံးသူ ၈ ဦးထက်မနည်းရှိကြောင်းနှင့် ဒဏ်ရာရရှိသူများပြားကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကိုလည်း စစ်ကောင်စီသည် ဇန်နဝါရီလ ၈ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၄၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ကျွမ်း ပျက်စီးသွားသည်။
သေဆုံးသွားသူများထဲတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ကမန်တိုင်းရင်းသား အများအပြားလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
အာရက္ခတပ်တော် AA က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများသည် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်ပြီး အရပ်သားများ နေထိုင်ရာ မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၁၅ ရက်အတွင်း ရခိုင်ပြည်မှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၅၇ ဦးရှိကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။
တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ နေ့ တစ်နှစ်တာအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရခိုင်ပြည်မှာ သေဆုံးသူ ၇၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၆၉ ဦးရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က တစ်နှစ်တာအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူပေါင်း ၇၄၉ ဦးရှိခဲ့ပြီး မွတ်ဆလင်ပြည်သူများအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည် ၆ သိန်းခန့်ရှိကြောင်း HDCO က ထုတ်ပြန်ထားသည်။