Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ – မကွေးတိုင်း၊အောင်လံမြို့နယ် အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံဟောင်း)

ရခိုင်ပြည် ဂွမြို့နှင့်နီးသည့် ဧရာဝတီတိုင်းထဲက မကျီးဇင်တိုက်ပွဲကနေ ရွှေသောင်ယံအထိ ရောက်ရှိလာသည့်အတွက် အာဏာသိမ်း စစ်ကောင်စီသည် ချောင်းသာမြို့တွင် အထိုင်တပ်စခန်း နှစ်ခု တပ်စွဲထားကြောင်း ပုသိမ်သတင်းရင်းမြစ်က ပြောသည်။

“မကျီးဇင်တိုက်ပွဲကနေ ရွှေသောင်ယံအထိ ရောက်လာတော့ စစ်ကောင်စီဟာ ချောင်းသာမြို့မှာ ထပ်ပြီး အထိုင်တပ်စခန်း နှစ်ခုလောက် ချထားတာရှိတယ်။ မြို့အဝင်တွေမှာပေါ့။ ကျောက်မောင်နှမ မှာလည်း တပ်စွဲပြီး သံချပ်ကာ ကားတွေနဲ့ ပြင်ဆင်ထားတယ်။ ရှိနေတဲ့ စခန်းတွေမှာလည်း အင်အားထပ်ဖြည့်ထားတယ်” ဟု ပြောသည်။

မကျီးဇင်ဘက်က စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် ရွှေသောင်ယံဘက်သို့ တိုက်ပွဲ ကူးစက်နေပြီဟု သတင်းရင်းမြစ်က ပြောသည်။

“မကျီးဇင်ဘက်က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေသောင်ယံဘက်သို့ ပူးပေါင်းသွားကြတယ်။ အခု ရွှေသောင်ယံဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် ပြောတယ်။ ဖုန်းလိုင်း အခက်အခဲတွေကြောင့် အတည်ပြုဖို့တော့ ခက်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီ လော်ဘီများကလည်း ရွှေသောင်ယံဘက်မှာ တိုက်ပွဲမရှိကြောင်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ယမန်နေ့က ဒေသခံများဖြင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု သတင်းလွှင့်နေကြသည်။

Pathein Special Task Force – PSTF အား Western News မှ တိုက်ပွဲအခြေအနေများအား ဆက်သွယ်မေးမြန်းရာ စစ်ရေးသတင်းများအား ဖြေဆိုခွင့်မရှိဟုဆိုကာ တုန့်ပြန်သွားသည်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပုသိမ်၏ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ ရွှေသောင်ယံမြို့ တပင်မှော်အမြောက်တပ်နှင့် ဝက်သေကျေးရွာတွင် စစ်ကောင်စီက အင်အားဖြည့်အထိုင်ချကာ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

ကျောက်မောင်နှမ ဘက်တွင်လည်း စစ်ကောင်စီက တပ်စွဲထားပြီး သံချပ်ကာကားများဖြင့် အထိုင်ချထားကြောင်းနှင့် ဇန်နဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့က တပင်မှော်အမြောက်တပ်က လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများမှာ ထိလန့်နေကြသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပုသိမ်က ဆိုသည်။

ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ပုသိမ် စသည့် ဧရိယာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ၏ အသွားအလာကို စစ်ဆေးမှု တင်းကျပ်လျှက်ရှိပြီး ငွေကြေးတောင်ခံမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ