ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်က ရမ်းဗြဲ၊ ကျောက်တော်၊ ပေါက်တော စသည့် မြို့နယ်အချို့ ဗုံးကြဲခံရမှုဖြစ်စဉ်များမှာ အာဏာသိမ်း စစ်ကောင်စီအား သတင်းပေးများရှိနေခြင်းကြောင့် ဖြစ်သည်ဟု စစ်ရေးစောင့်ကြည့်သူများက ပြောသည်။
ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီက ကျောက်တော်မြို့ ဗုံးကြဲခံရမှုအတွင်း အာရက္ခတပ်တော် AA က အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ ဗုံးထိမှန်ပြီး သေဆုံးခဲ့သလို ဈေးရောင်းချနေသည့် ဒေသခံတချို့လည်း သေဆုံးခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော် AA က တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း မြေပြင်သတင်းများအရ ဗဟိုနိုင်ငံရေးမှူးအဖွဲ့ဝင် အကောက်အခွန်ဌာနက ဦးဝိုင်းမောင်နှင့် ၎င်း၏သားတို့ သေဆုံးသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။
ကျောက်တော်မြို့ခံတစ်ဦးက “ဗုံးထိလို့ ဗဟိုနိုင်ငံရေးမှူးအဖွဲ့ဝင် အကောက်အခွန်ဌာနက ဦးဝိုင်းမောင်နဲ့ သူ့သားတို့ သေဆုံးသွားပါတယ်။ ဖုန်းဆိုင်က မိန်းမလေး တစ်ယောက်ရယ်။ ဆံပင်ဆိုင်က မိန်းမလေးတစ်ယောက်ရယ်။ ကဘားဆိုင်က (အကြော်ဆိုင်) ယောကျ်ားလေးတစ်ယောက်ရယ်။ အားလုံးစုစုပေါင်း ၈ လောက် သေဆုံးပါတယ်”ဟုပြောသည်။
ကျောက်တော်မြို့ထဲ ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ ၂၀ ဦးကျော်ရှိကြောင်းလည်း သတင်းရင်းမြစ်က ပြောဆိုပြီး AA ကမူ ထိခိုက်သေဆုံးသူစာရင်းအား ထုတ်ပြန်သွားမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန် အထိ ထုတ်ပြန်လာခြင်း မရှိသေးပေ။
အဆိုပါဗုံးကြဲမှုသည် သတင်းပေးမှုကြောင့်လည်း ဖြစ်နိုင်သလို လူမူကွန်ရက် စာမျက်နှာများတွင် အချက်အလတ် ရေးသားမှုကြောင်းနှင့် ပေါက်ကြားမှုလည်း ဖြစ်နိုင်ကြောင်း စစ်ရေးသတင်းများကို စောင့်ကြည့်နေသူတစ်ဦး ပြောဆိုသည်။
“ကျနော်ထင်တာက သတင်းပေါက်ကြားမှုတွေကြောင့် ဖြစ်မယ်။ ကျောက်တော်ဖြစ်စဉ်မှာ အစည်းအဝေးလုပ်နေတဲ့အချိန် ဗုံးလာကြဲတာလို့ သိရတယ်။ ပြီးတော့ တစ်ချို့ လူမူကွန်ရက်စာမျက်နှာပေါ်တွေ၊ ဘာလုပ်နေတယ်။ ညာလုပ်နေတယ်ဆိုပြီးတော့ တင်တယ်။ တစ်ဖက်မှာလည်း စစ်တပ်လော်ဘီတွေက ဒါတွေကို တစ်လျောက် စောင့်ကြည့်နေတာတွေ ရှိတယ်။ စစ်ကောင်စီကို သတင်းပေးတဲ့သူတွေကို သေချာ စိစစ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ရမယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက လက်ရှိ ရခိုင်ပြည်အတွင်း ဗုံးကြဲခံရမှုများသည် သတင်းပေးများကြောင့် မဟုတ်ဘဲ ကျန်ရှိမြို့များအား မတိုက်ခိုက်စေရန် ခြိမ်းခြောက်သည့် သဘောဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သည်။
“ရမ်းဗြဲ ကျောက်နီမော် ဗုံးကြဲခံရတာဟာ AA ကို သတိပေးတဲ့ သဘောလို့ မြင်မိတယ်။ ကျောက်ဖြူကို ဆက်တိုက်ရင် အနီးအနားတွေကပါ ဒီလိုဖြစ်မယ်ဆိုတဲ့ သဘော စစ်ကောင်စီ ခြိမ်းခြောက်လိုက်တာဖြစ်တယ်။ ကျောက်ဖြူမှာက စစ်တပ်ထိုင်ထားတာဆိုတော့ ဒေသခံတွေကို ခြိမ်းခြောက်တာလည်း ပါသလို တပ်တော်ကို သွယ်ဝိုက်နည်းနဲ့ ခြိမ်းခြောက်တာမျိုးပေါ့” ဟု ပြောသည်။
ယင်းကဲ့သို့ လူမူကွန်ရက်စာမျက်နှာများနှင့် စစ်ကောင်စီအား သတင်းပေးသူတစ်ချို့အား အာရက္ခတပ်တော် AA က စုံစမ်းမှုများရှိနေပြီး ဖမ်းဆီး အရေးယူမှုများ ရှိနေကြောင်း Western News က မြေပြင်သတင်းအား စုံစမ်းချက်အရ သိရသည်။
ရခိုင်ပြည်ထဲက မြို့နယ်တိုင်းသည် စစ်ကောင်စီ နှစ်ရှည်လများ အုပ်ချုပ်ခဲ့သော နေရာဒေသများဖြစ်သည့်အတွက် မည်သည့်နေရာတွင် မည်သည့်အဆောက်အဦးရှိကြောင်းနှင့် အာရက္ခတပ်တော် AA သည် မည်ကဲ့သို့ အသုံးပြုနေသည်ကို သိရှိနိုင်သည့်အတွက် တွက်ချက်ဗုံးကြဲနိုင်ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
သို့သော်လည်း အာရက္ခတပ်တော် AA ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရာတွင် သတင်းပေါက်ကြားမှုများကြောင့် ဗုံးကြဲခံရခြင်းဖြစ်ကြောင်းလည်း သုံးသပ်သူများက ပြောဆိုကြသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၁၄ ရက်အတွင်း ရခိုင်ပြည်မှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၆၀ နီးပါး ဦးရှိကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။