ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းသည် စစ်တွေမြို့အတွင်း တာဝန်ထမ်းဆောင်လျက်ရှိနေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံကာ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိနေဖို့ လိုအပ်ကြောင်း ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် စစ်တွေမြို့ရှိ ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများနှင့် ပြည်နယ်သာသနာရေး ဦးစီးဌာနဝန်ထမ်းများအား သွားရောက်တွေ့ဆုံရာတွင် ဦးထိန်လင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဌာနများက တင်ပြချက်ကို ပြန်လည်ဆွေးနွေးပြီး နိုင်ငံ့ဝန်ထမ်းသည် နိုင်ငံတော်အပေါ် သစ္စာရှိနေဖို့လိုအပ်ကြောင်း ရင်းနှီးနွေးထွေးစွာရှင်းလင်းပြောကြားခဲ့သည်” ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်ထားသည်။
ယင်းအပြင် ဦးထိန်လင်းနှင့် ပြည်နယ်ဝန်ကြီးအဖွဲ့တို့သည် စစ်တွေမြို့ရှိ ကုလားတန်ဖွံ့ဖြိုးရေး စီမံကိန်းဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်နေသော ကမ်းရိုးတန်းသွားသင်္ဘောများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြည်နယ်စစ်ကောင်စီ၏ အပတ်စဉ်ရုံးများသို့ ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများ သက်သာချောင်ချိရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆောင်ရွက်ပေးနေမှုနှင့် ဝန်ထမ်းများသည် တိုင်းပြည်အကျိုးအတွက် တာဝန်ကို ဦးလည်းမသုန်ဆောင်ရွက်နေမှုကို အသိအမှတ်ပြုသည်ဟု ဦးထိန်လင်းက ပြောဆိုခဲ့သည်။
စစ်တပ်က အာဏာသိမ်း ၂နှစ်အကြာတွင် စစ်ကောင်စီမှ ယာယီခန့်အပ်ထားသည့် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း နေရာတွင် ဗိုလ်မှူးကြီး ထိန်လင်းအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ပြောင်းလဲခန့်အပ်ခဲ့သည်။
ဦးထိန်လင်းသည် မြို့တော် စစ်တွေမြို့တွင် အခြေစိုက်ကာ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့ကို စီမံအုပ်ချုပ်နေဆဲဖြစ်ပြီး ကျန်မြို့နယ်များအားလုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများ နိုင်ငံအပေါ် သစ္စာရှိနေရန်လိုအပ်သည် ဆိုသည့် ဦးထိန်လင်း၏ ပြောဆိုချက်အပေါ် CDM လုပ်ထားသည့် ရခိုင်လူမျိုး ကျောင်းဆရာတစ်ဦးက ပြောသည်။
“ဒီလို အပြောအချိုတွေနဲ့ နှစ်ပေါင်းများစွာ ဂျင်းထည့်တာ ခံခဲ့ရပြီးပါပြီ။ အခုတော့ ဘယ်လိုမှ နားဝင်တော့မှာ မဟုတ်တော့ပါဘူး။ တိုင်းပြည်ကို ပျက်စီးအောင် လုပ်ပြီးတော့မှ နိုင်ငံအပေါ်မှာ သစ္စာရှိရမယ်ဆိုတာက လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ တကယ်က သူတို့အပေါ်မှာ သစ္စာရှိဖို့ပဲ ပြောတာပါ။ ဦးထိန်လင်းအပါအဝင် စစ်အုပ်စုကသာ နိုင်ငံအပေါ်မှာ ချစ်စိတ်မရှိလို့၊ သစ္စာမရှိလို့ ပဋိပက္ခတွေ၊ မီးတောက်တွေနဲ့ ဖြစ်နေကြတာ” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် AA က စစ်ကောင်စီအား စစ်ရေးဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းထားသော်လည်း တွေ့ဆုံဆွေးနွေးကြခြင်းမရှိကြပေ။
အာဏာသိမ်း စစ်ကောင်စီသည် AA ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် အလေးမထားဘဲ ရခိုင်ပြည်အတွင်း မြို့နယ်များကို ယခုရက်ပိုင်းအတွင်း လေကြောင်းက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားများ နေ့စဉ် သေဆုံးမှုများ မြင့်တက်နေသည်။