ချင်းပြည်နယ် ဇိုမီးနယ်မြေသို့ တားမြစ်ထားသည့် ကြားမှ ကျူးကျော်ဝင်ရောက်လာပါက ချင်းညီနောင် CB နှင့် လက်တွဲပြီး CNA/CNF ကို ပြန်လည်တိုက်ထုတ်သွားမည်ဟု ဇိုမီးတော်လှန်ရေးတပ် PDF Zoland က ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ZFU/PDF Zoland တပ်သည် ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC)၏ ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (CB) နှင့် ပူးပေါင်းပြီး ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည့် တီးတိန်မြို့မှ စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်သွားမည်ဖြစ်သည်။
သို့သော် National Front/CNA သည် People Defence Army (PDA) အား လက်ကိုင်တုတ်အဖြစ် အသုံးချကာ တီးတိန်မြို့အား စွက်ဖက်သိမ်းပိုက်ရန် ကြိုးပမ်းလျှက်ရှိကြောင်း PDF Zoland က ဆိုသည်။
CNF/CNA နှင့် အပေါင်းအပါများ၏ ဆောင်ရွက်ချက်များသည် ပြည်သူလူထု၏ အကျိုးကိုရှေးရှုခြင်းတစ်စုံတစ်ရာ မပါရှိဘဲ မိမိတို့မြေပေါ်မှ အမြတ်ထုတ်လိုမှုနှင့် နိုင်ငံရေးလက်ဦးမှု ရယူလိုမှုသာဖြစ်ကြောင်း အထင်အရှားဖြစ်ကြောင်း ဇိုမီးတပ်က ပြောသည်။
၂၀၂၄ ခုနှစ် မေလတွင် တီးတိန်၌ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးသည်လည်း ၎င်းတို့၏ ကြားဝင်နှောင့်ယှက်မှုကြောင့်ဖြစ်သည်ဟု ZFU/PDF Zoland တပ်က ပြောသည်။
“တီးတိန်မြေအား စစ်ကောင်စီ၊ CNF အပါအဝင် အပေါင်းအပါဖြစ်သည့် PDA စသည့် မည်သည့် အဖွဲ့ အစည်းကိုမျှ ပေးအပ်မည်မဟုတ်ဘဲ တားမြစ်ထားသည့်ကြားမှ ကျူးကျော် ဝင်ရောက်လာပါက ICNCC/CB နှင့်လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမည်” ဟု ZFU/PDF Zoland ထုတ်ပြန်ထားသည်။
ယခု ထုတ်ပြန်အသိပေးချက်များသည် စစ်ကောင်စီ၊ PDA ၊ CNF နှင့် အပေါင်းအပါများ၏ ထိပါးဆောင်ရွက် ချက်များကို ထုတ်ဖော် ပြောကြားရန်ဖြစ်ပြီး စစ်ရေးနှင့်ပတ်သက်၍ ပြည်သူများအား ထပ်မံအသိပေးမည်ဟု ZFU/PDF Zoland ကဆိုသည်။
“ဤအဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်နေသူများ အနေဖြင့် အချိန်မီပြင်ဆင်မှုမရှိဘဲ တနေ့တွင် ပြည်သူလူထု၏ တရားစီရင်မှုကို ကြုံတွေ့ခံစားရမည်ဆိုပါက မိမိတို့အတွက် များစွာ ထိခိုက်နစ်နာရမည် ဖြစ်ကြောင်းကို လည်း သတိပေးလိုက်သည်” ဟု ထုတ်ပြန်သည်။
ဇိုမီးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောင့်ယှက်ရန် အာဏာရှင်ဆန်ဆန် ကြိုးပမ်းလာသည့် မည်သည့်အဖွဲ့အစည်းကိုမဆို လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်းလည်း ZFU/PDF Zoland က ပြတ်ပြတ်သားသား ထုတ်ပြန်ထားသည်။
ZFU/PDF Zoland ၏ သတိပေးစာနှင့်ပတ်သက်ပြီး National Front/CNA နှင့် People Defence Army (PDA) တို့မှာ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်းမရှိကြသေးပေ။
Western News ကလည်း National Front/CNA နှင့် People Defence Army (PDA) တို့၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပြောခွင့်ရသူများအား ဆက်သွယ်နေဆဲဖြစ်သည်။