Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ဒေသနှင့် အာရက္ခတပ်တော် AA ကို ပစ်မှတ်ထားပြီး ဝါဒဖြန့်နေသည့် စစ်ကောင်စီ၏ လော်ဘီချန်နယ် အချို့ရပ်သွားပြီး အချို့မှာ အပြောင်းအလဲဖြစ်သွားကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs & Conflict Study (BACS) ပြောသည်။

“ရခိုင်ဒေသကို ပစ်မှတ်ထားဝါဒဖြန့်ဖို့အတွက် ဒေသအတွင်း မြို့တွေ၊ အထိန်းအမှတ် စကားလုံးတွေ၊ လူအမည်တွေနဲ့ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီလော်ဘီချန်နယ်အချို့ ရပ်ဆိုင်းခဲ့ပြီး အချို့ချန်နယ်တွေမှာ စီမံသူ အပြောင်းအလဲဖြစ်တာမျိုး တွေ့ရပါတယ်” ဟု ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို အာရက္ခတပ်တော် AA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်မှာပဲ ရခိုင်လူထုကို ဦးတည်ပြီး ဝါဒဖြန့်နေသော စစ်တပ်လော်ဘီချန်နယ်အချို့ ပုံမှန်ဝါဒဖြန့်မှုများ ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

“ဒီအထဲမှာ နာမည်ကြီး ဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ Min Chit Oo၊ May Yu Htar Nay၊ Western 24 News၊ Min Bar Gyi (မင်းဗာကြီး) ချန်နယ်တို့ ပါဝင်ပါတယ်” BACS က ပြောသည်။

မင်းချစ်ဦးဟု အမည်ရသည့် ချန်နယ် ၂ ခုက ဒီဇင်ဘာ ၁၇၊ ည ၁၀ နာရီဝန်းကျင်တွင် “AA ရဲ့ တိုက်ခိုက်မှုတွေကို စစ်တပ်က တန်ပြန်နှိမ်နင်းပြီး အခြေအနေကို ထိန်းချုပ်နိုင်နေပြီ” ဟု အထင်ရောက်စေသည့် ပို့စ်တစ်ခု နောက်ဆုံးဖြန့်ဝေခဲ့ပြီး ၁၀ ရက်ခန့် ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

မင်းချစ်ဦး ချန်နယ်နောက်ကွယ်က အလုပ်လုပ်နေသူများမှာ တိုက်ပွဲတွင် ကျသွားပြီဖြစ်ကြောင်းနှင့် AA ၏ ဖမ်းဆီးခြင်းခံလိုက်ရပြီဆိုသော သတင်းများလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ကြောင်း BACS က ပြောသည်။

“အဲဒီနောက် ကိုသက်နဲ့ ကျော်စွာချန်နယ်တို့မှာ မင်းချစ်ဦးချန်နယ်တွေ ပြန်အလုပ်လုပ်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ က အသိပေးခဲ့ပြီး ဒီချန်နယ်တွေ ပုံမှန်အတိုင်း ပြန်အလုပ်လုပ်နေပါတယ်။ မင်းချစ်ဦးချန်နယ်ဟာ တောင်ကုတ်နဲ့ အမ်းတို့မှာ တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်လောက်ကတည်းက ချန်နယ်စီမံသူ အသစ်တွေထည့်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ အခု ဒီဇင်ဘာ ၂၈ နောက်ပိုင်း ပို့စ်တွေအရ အခြား အက်ဒ်မင်တွေက အစားထိုး လည်ပတ်လာတာ၊ ချန်နယ်ကိုင်တွယ်သူ အပြောင်းအလဲ ဖြစ်တာမျိုး ယူဆရပါတယ်” ဟု ဆိုသည်။

အခြား ဝါဒဖြန့်ချန်နယ်များဖြစ်သည့် May Yu Htar Nay နှင့် Western 24 News အမည်ခံ သတင်းချန်နယ်များက ဒီဇင်ဘာ ၁၉ ည ၁၀ နာရီဝန်းကျင်တွင် “တိုင်းရုံးကို လာတိုက်တဲ့ AA ကို တန်ပြန်နှိမ်နင်းပြီး ထိန်းချုပ်နိုင်ခဲ့ကြောင်း” ဝါဒဖြန့်ပို့စ်များ အသီးသီးဖြန့်ဝေခဲ့ပြီး ၃ ရက်ခန့်ရပ်ဆိုင်းသွားကာ ဒီဇင်ဘာ ၂၃ မှာမှ ဝါဒဖြန့်ပို့စ်များ ပုံမှန်အတိုင်း ပြန်တင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် AA က ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်သားကင်းစင်စေရေး တကျော့ပြန်တိုက်ပွဲများ ဆင်နွှဲခဲ့ပြီးနောက်ပိုင်း DOROR WADDY MEDIA ၊ Anti-Terrorism Team Of Rakhine State ၊ May Yu ThitSar ၊ ရခိုင်နေ့စဉ် ၊ We Love Sittwe ၊ စစ်တွေဟစ်တိုင် စသည့် အမည်အမျိုးမျိုးနှင့် လော်ဘီချန်နယ်များ ကာလရှည် လုံးဝရပ်ဆိုင်းနေသည်ကို တွေ့ရသည်။

ရခိုင်က စစ်ကောင်စီဝါဒဖြန့် ချန်နယ်လည်ပတ်သူများမှာ တိုက်ပွဲအတွင်း သေဆုံးသွားခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် အခြားသော အကြောင်းအမျိုးမျိုးများကြောင့် ချန်နယ်များ အလုပ်မလုပ်ခြင်းဖြစ်နိုင်သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs & Conflict Study (BACS) ပြောသည်။

ဆက်စပ်သတင်းများ