ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့များကို အရှိုချင်းကာကွယ်ရေးတပ် CDF – Asho တပ်က တိုက်ခိုက်နေပြီး ဇန်နဝါရီလ ၁၃၊ ၁၄ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က အမ်းမြို့နယ် ကြက်ရေစမ်းရွာ အနီးစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၅ ဦးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီးမှာ ပစ်ခတ်ဖမ်းဆီးခဲ့၍ ၅ ဦးစလုံး သေဆုံးသွားကြောင်း ဇန်နဝါရီ ၁၆ ရက်နေ့ CDF – Asho က ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်သား ၅ ဦးအနက် နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာများနှင့် ဖမ်းဆီးရမိခဲ့ပြီး အချိန်မှီ ဆေးကုသမှု ပေးခဲ့သော်လည်း ကုသစဉ်အတွင်း သေဆုံးသွားခဲ့သည်ဟု CDF – Asho က ဆိုသည်။
ထို့အပြင် ဇန်နဝါရီလ ၁၄ ရက်နေ့မှာလည်း အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲမှ ထွက် ပြေးလာသော စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်ကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး ထပ်မံထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီ တပ်သား ၈ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး၊ လက်နက် ၁၅ လက်၊ စိန်ပြောင်း ၁ လက်အပြင် ခဲယမ်းများနှင့် စစ်အသုံအဆောင် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း CDF – Asho က ထုတ်ပြန်ထားသည်။