Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ ၂၀၁၉ ခုနှစ် နှစ်ဆန်းက စစ်တပ်က အတွဲလိုက်ဒုံးများ လေ့ကျင့်ပစ်ခတ်နေသည်ကို ထုတ်ပြန်ထားစဉ်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေမြို့မှာရှိသည့် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပစ်ခတ်တိုက်ခဲ့သည်။

“ဇန်နဝါရီလ ၁၅ ရက်နေ့ ညကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ၁၆ ရက်နေ့ နံနက် ၃ နာရီကျော်မှာလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ နံနက်ပိုင်း တစ်ပိုင်းလုံးလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်တယ်ခဲ့တယ်။ လက်နက်ကြီးတစ်လုံးရဲ့ ဒလ လို့ယူဆရတဲ့ အပိုင်းအစတစ်ခု စစ်တွေမြို့ဈေးကို ကျရောက်ခဲ့တယ်။ ဈေးကို ပိတ်လိုက်ရတယ်။ လူအထိအခိုက်တော့ မရှိခဲ့ဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ အောင်ဇေယျ၊ ကန်ချောင်းနှင့် ကျွဲထိုးကျေးရွာကို စစ်ကောင်စီလက်နက်ကြီးများ ကျရောက်ခဲ့ပြီး စပါးထားကျေးရွာက နေအိမ် ၉ ဆောင်ပျက်စီးသွားကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုမှာ စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို တိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါကျေးရွာသားများကို စစ်ကောင်စီက ယခင်ကတည်းက နှင်ထုတ်ထား၍ အရပ်သားထိခိုက်မှုမရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများမရှိဘဲ စစ်ကောင်စီ၏ တစ်ဖက်သက် ပစ်ခတ်တိုက်ခိုက်မှုများသည် တိုက်ပွဲဖြစ်ပွားရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း သုံးသပ်သူတစ်ဦးက ပြောသည်။

“စစ်တွေက စစ်ကောင်စီတပ်ရင်းတွေက တပ်တော်ကို စိန်ခေါ်နေသလိုပဲ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပုဏ္ဏားကျွန်းရော၊ ပေါက်တောမြို့ဘက်ရော ပစ်ခတ်နေတယ်။ တိုက်ပွဲဖြစ်ပွားဖို့ တွန်းအားပေးနေသလိုပဲ” ဟု ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့မှာ စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာပြီး စစ်ရေးတင်းမာမှုမှာ တာဆူနေကြသည်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို အာရက္ခတပ်တော် AA က ထိန်းချုပ်လိုက်ပြီဟု သတင်းထွက်ပေါ်နေပြီး Western News အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် စစ်တွေမြို့အဝင် မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးထားသလို အနီးအနားကျေးရွာများတွင်လည်း တပ်ဖြန့်ထားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ