စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်ပြည် စစ်တွေမြို့ပေါ်က လက်နက်ကြီးများအပါအဝင် အတွဲလိုက်ဒုံးများဖြင့် AA ထိန်းချုပ်နေရာများသို့ ၂ ရက်အတွင်း အလုံးအရေ ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲ၊ နွားများ တိရစ္ဆာန် အကောင်အရေအတွက် ၂၀ ကျော် သေဆုံးသွားကာ လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ဇန်နဝါရီလ ၁၆၊ ၁၇ ရက်နေ့အတွင်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှု စစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး အလုံး ၇၀ ထက်မနည်း ပစ်ခတ်တိုက်ခဲ့သည်။
“၁၆ ရက်နေ့ ကလည်း တစ်နေကုန် ပစ်တယ်။ ပြီးတော့ ၁၇ ရက်နေ့ တစ်လျှောက် ပစ်နေတယ်။ ကျနော်တို့ သေချာ ရထားတဲ့ သတင်းအရဆိုရင် လက်နက်ကြီးအပါအဝင် အတွဲလိုက် ဒုံးအလုံး (၇၀) ကျောလောက် ရှိပြီ။ စစ်တွေ ဒကစ – ကနေ တစ်လျှောက် ပစ်နေတာပါ။ မင်းဂံ ရေတပ်စခန်းရယ်။ ခလရ (၂၀) ပြီးတော့ စအရ(BE)တပ်ကနီ ပစ်နေတာပါ “ဟုပြောသည်။
ဇန်နဝါရီ ၁၆ ရက်နေ့ ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ အောင်ဇေယျ၊ ကန်ချောင်းနှင့် ကျွဲထိုးကျေးရွာကို စစ်ကောင်စီလက်နက်ကြီးများ ကျရောက်ခဲ့ပြီး စပါးထားကျေးရွာမှာ နေအိမ် ၉ ဆောင်ပျက်စီးသွားကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါ ၁၇ ရက်နေ့ကလည်း စစ်တွေတပ်ရင်းများက အတွဲလိုက်ဒုံး ၃၀ နီးပါးအထိ ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဘောင်ဒူလာကျေးရွာအနီးသို့ ကျရောက်ခဲ့ကာ နွား ၇ ကောင် သေဆုံးသွားကြောင်း ဒေသခံများ က ပြောသည်။
“လူထိခိုက်မှု အခြေအနေကိုတော့ ကျနော်တို့ သတင်းမရသေးဘူး။ ဒါပေမဲ့ ကျွဲ၊ နွား တိရိစ္ဆာန်တို့က လက်နက်ကြီးထိပြီးတော့ သေတာများတယ်။ ဘောင်ဒူလာကျေးရွာ အနားကျတယ်။ အဲ့ဒီမှာ ၉ ကောင်လောက်သေတယ်။ တစ်ခြားရွာကိုလည်း ကျတယ်”ဟု ပြောသည်။
စစ်ကောင်စီအခြေစိုက်ထားသည့် စစ်တွေမြို့ပေါ် တပ်စခန်များက လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ပေါက်တော၊ ပုဏ္ဏားကျွန်း ရသေ့တောင်မြို့နယ်များကို ကျရောက် ပေါက်ကွဲပြီး ယခု ရက်ပိုင်းအတွင် လူသေဆုံး ထိခိုက်မှုများ ရှိနေသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော် AA ဝင်ရောက်လာမှု မရှိစေရေး စစ်တွေမြို့အဝင် မင်းချောင်းတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးထားသလို အနီးအနားကျေးရွာများတွင်လည်း တပ်ဖြန့်ထားကြောင်း သိရသည်။
စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် ဒကစ စစ်တွေ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ အပါအဝင် အမြောက်တပ်၊ တပ်ရင်း၊ ရဲတပ်ရင်း ၁၀ ခုနီးပါးရှိနေပြီး AA ၏ ထိုးစစ်ကို ခုခံရန်အတွက် အသင့် ရှိနေသည်။