Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို အာဏာသိမ်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများအား တွေ့ရစဉ်။ (ဓါတ်ပုံ - AA)

ရခိုင်ပြည် မြောက်ဦးမြို့နယ် ရမ်းချောင်းကျေးရွာအနီး တဝိုက်ရှိ စစ်သုံ့ပန်းများ ထားရှိရာ နေရာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တစ်ကြိမ်နှင့် ၄ နာရီ ၄၇ မိနစ်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် အာရက္ခတပ်တော် AA က လွှတ်ပေးရန် စီစဉ်ထားရှိသည့် စစ်သုံ့ပန်းများထဲမှ အမျိုးသားအမျိုးသမီး အပါအဝင် သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ ဦးရှိကြောင်း အာရက္ခတပ်တော် AA က ယနေ့ ထုတ်ပြန်ထားသည်။

ဒဏ်ရာရရှိသူများထဲမှ အချို့မှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ၎င်းထဲမှ ဒဏ်ရာပြင်းထန်သူအချို့မှာလည်း နောက်ထပ်သေဆုံးသူများစာရင်းထဲတွင်ရှိလာနိုင်ကြောင်း AA က ပြောသည်။

ယခုကဲ့သို့ဗုံးကြဲခံရ၍ သေဆုံး/ဒဏ်ရာရရှိသော စစ်သုံ့ပန်းမိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလတစ်ခုတွင် ၎င်းတို့ကို အာရက္ခတပ်တော်မှ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားပြီး ယာယီထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း AA က ဆိုသည်။

၂၀၂၅ ခုနှစ် အစောပိုင်းကာလမှစ၍ ဤကဲ့သို့သော အကြမ်းဖက်တိုက်မှုများကို စစ်ကောင်စီမှ ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန်နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြရန် AA က သတိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ