ဧရာဝတီုတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေက ဘောမိကျေးရွာအနီးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။
ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းတွင် ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆၀ ခန်ဦးကို ချောင်းသာသို့ ပို့ဆောင်လိုက်ကြောင်း ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ PSTF ၏ သတင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ရွှေသောင်ယံ မြို့နယ်ခွဲ ဘောမိက ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆၀ လောက်ကို ဇန်နဝါရီ ၁၈ ညနေပိုင်းမှာ စက်လှေတွေအသုံးပြုပြီး ချောင်းသာသို့ပို့ဆောင်ကာ Ambulance ကားတွေ၊ ကုန်ကားတွေနဲ့ ပုသိမ် နတခ မဆရ (၄) သို့ ပို့ဆောင်လိုက်ကြောင်း သိရပါတယ်” ဟု ထုတ်ပြန်ထားသည်။
ထိုသို့ ပို့ဆောင်ရာ လမ်းတစ်လျှောက်တွင် လျှပ်စစ်မီးများဖြတ်တောက်ထားကြောင်းနှင့် ဒဏ်ရာရ စစ်သားအများစုသည် တပ်သားသစ်များဖြစ်သည်ဟု ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့က ဆိုသည်။
“စစ်ကောင်စီဟာ ပုသိမ်မြို့ကနေ ဘောမိတိုက်ပွဲနဲ့ ရိုးတောင်ဘက်တွေကို စစ်အင်အားတွေ၊ လက်နက်အင်အားတွေ၊ တင့်ကားတွေ ဆက်တိုက်ပို့နေပါတယ်။ ထိခိုက်သေဆုံးသူ အရမ်းများတယ်လို့ သိထားပါတယ်။ ဘောမိကို AA နဲ့ PDF တွေက သိမ်းလိုက်ပြီလို့လည်း သတင်းတွေ ထွက်နေပါတယ်။ အဲဘက်တွေ ဖုန်းလိုင်းတွေ မရတော့ အတည်ပြုဖို့ ခက်ပါတယ်။ သက်ဆိုင်ရာက ထုတ်ပြန်တာကိုပဲ စောင့်ပါ” ဟု ပုသိမ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရွှေသောင်ယံကမ်းခြေအနီး ဘောမိတိုက်ပွဲ ပြင်းထန်နေသည်ကို အတည်ပြုနိုင်သော်လည်း စစ်ကောင်စီ၏ တင့်ကားများအပါအဝင် ဘောမိက တပ်စခန်းများအား AA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခြင်းကို Western News အနေဖြင့် သီးခြားအတည်ပြု၍ မရရှိသေးပေ။
“ပုသိမ်မြို့နယ်အတွင်းမှာ ကုန်ကားတွေဟာ ကုန်စည်ပို့ဆောင်ရတာမရှိဘဲ စခ တွေရဲ့ ရိက္ခာ၊ လူ၊ လက်နက်တွေကို တင်ဆောင်ဖို့ ချောဆွဲခံနေရလို့ တိုက်ပွဲအနီး သွားလာနေရတာကြောင့် ကုန်ကားမောင်သူတွေနဲ့ စပါယ်ယာတို့မှာ အသက်အန္တရာယ်အတွက် စိုးရိမ်ထိလန့်နေကြပါတယ်” ဟု PSTF ၏ သတင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် AA သည် ရခိုင်ပြည် ဂွမြို့နှင့် ရခိုင်ရိုးမတောင်ပေါ်က စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ရခိုင်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်းထဲက မကျီးဇင်ဒေသကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်နေသည်။
ဂွမြို့အနီးက မကျီးဇင်ဒေသကို သိမ်းပိုက်ပြီးနောက် လက်ရှိ ရွှေသောင်ယံကမ်းခြေအနီးက ဘောမိဒေသကို ဆက်လက်သိမ်းပိုက်ရန် AA ပူးပေါင်းတပ်ဖွဲ့ ကြိုးပမ်းနေကြသည်။
မကျီးဇင်၊ ဘောမိ တိုက်ပွဲများမှ တပ်ဆုတ်ခွာသွားသော စစ်ကောင်စီတပ်သားများမှာ ရွှေသောင်ယံရှိ စစ်စခန်းသို့ရောက်သွားကာ ခံစစ်ပြင်ဆင်ထားကြသည်။
အာဏာသိမ်း စစ်ကောင်စီသည် AA ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်မှု၊ လက်နက်ကြီးပစ်မှုတို့ကြောင့် မကျီးဇင်၊ ဘောမိဒေသက အရပ်သားနေအိမ် အများအပြား ပျက်စီးသွားကြောင်း သိရသည်။