Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့်နေ့တွင် ရခိုင်ပြည်မြို့တော် စစ်တွေမြို့အတွင်း သံချပ်ကာများဖြင့် စစ်ကောင်စီက ကင်းလှည့်ဆောင်ရွက်ခဲ့သည်။ (ဓါတ်ပုံ - CJ)

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို ဝိုင်းရံပိတ်ဆို့ထားသည့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်တွေမြို့မှာရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအပြင် စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသည်ဟု AA က ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများအပါအဝင် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်မှုကြောင့် တပ်သားသေဆုံးမှု အရပ်သား သေဆုံးမှု အခြေအနေကို AA က ရေးထားသည်ကို မတွေ့ရပေ။

ယင်းအပြင် လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှ ရှိနေပြီး အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုက ပိုများပြားသည်ဟု ဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီ ၁၂ မိနစ်အချိန်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာမှ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာသို့ ဒရုန်းများဖြင့် ဗုဲးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ဝါဘိုကျေးရွာက လူနေအိမ်များမှာ မီးလောင်ပျက်စီးသွားပြီး အရပ်သားများမှာ ယခင်ကတည်းက စစ်ကောင်စီ နှင်ထုတ်ခြင်းကို ခံထားရ၍ ထိခိုက်သေဆုံးမှု မရှိကြပေ။

ပုဏ္ဏားကျွန်းအရပ်ဘက်အဖွဲ့အစည်းမှ လူငယ်တစ်ဦးက “ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း တမနက်လုံး ပုဏ္ဏားကျွန်းဘက်ကို စစ်တွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တယ်။ စပါးထား၊ အောင်ဇေယျ၊ ကန်ချောင်းနဲ့ ကျွဲထိုးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်။ စပါးထားကျေးရွာမှာဆို နေအိမ် ၁၀ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးသွားပါတယ်။ စစ်တွေက စစ်ကောင်စီတပ်ရင်းတွေက ကျနော်တို့ ပုဏ္ဏားကျွန်းဘက်ကို အမြဲလိုလို ပစ်ခတ်နေပါတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် AA ဘက်ကလည်း ကုလားတန်မြစ်ဝရှိ စစ်ကောင်စီရေတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်က စစ်ကောင်စီနေဗီများနှင့် AA တို့မှာ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးတင်းမာမှုများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာ၍ စစ်တွေမြို့ခံများမှာ ထပ်မံ၍ ရန်ကုန်ဘက်သို့ စစ်ရှောင်မှုများ ရှိသည်ဟု သိရသည်။

မြို့ခံတစ်ဦးက “စစ်တွေမြို့အနီးမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံက အခု တစ်ပတ်အတွင်းမှာ တော်တော်လေးကို ကြားလာရတယ်။ မြို့ပေါ်က စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တအားပစ်ခတ်နေတာ။ တိုက်ပွဲဖြစ်ကြတော့မယ် ထင်ပါတယ်။ သွားစရာမရှိလို့ အသေခံပြီး နေမယ့်သူလည်းရှိသလို ဒီရက်ပိုင်း လက်နက်သံတွေကြောင့် ရန်ကုန်ဘက်ကို စစ်ရှောင်သွားတဲ့သူလည်းရှိနေတယ်။ ရန်ကုန်မှာလည်း စစ်ကောင်စီက ရခိုင်စစ်ရှောင်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတော့ စစ်တွေကို ပြန်လာတဲ့သူတွေလည်း ရှိနေတယ်။ တိုက်ပွဲမြို့တွင်းရောက်လာပါက စစ်တွေမြို့ခံတွေဟာ သွားစရာနေရာမရှိဘူးဖြစ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟု AA က ပြောဆိုထားသည်။

ရခိုင်ပြည်သူများအနေဖြင့်လည်း လေကြောင်းရန်နှင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်လိုအပ်ပြီး အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြရန်ကိုလည်း AA က သတိပေးတိုက်တွန်းထားသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ရခိုင်ပြည်မှာ အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၈၇ ဦးသေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူများမှာလည်း ၈၂ ဦးရှိကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။

ထိုအထဲမှ သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ ဦးမှာ AA မှ ပြန်လွှတ်ပေးရန် စီစဉ်ထားရှိသည့် စစ်သုံ့ပန်းများဖြစ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်သည်။

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ နေ့ တစ်နှစ်တာအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရခိုင်ပြည်မှာ သေဆုံးသူ ၇၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၆၉ ဦးရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က တစ်နှစ်တာအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူပေါင်း ၇၄၉ ဦးရှိခဲ့ပြီး မွတ်ဆလင်ပြည်သူများအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည် ၆ သိန်းခန့်ရှိကြောင်း HDCO က ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ