ရခိုင်နှင့် ဧရာဝတီတိုင်း အစပ်ရှိ မကျီးဇင်နှင့် ဘောမိဒေသကို အာရက္ခတပ်တော် AAနှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ပြီးနောက် ရွှေသောင်ယံအနီးကို တိုက်ပွဲများနီးကပ်လာနေသည်။
ထိုကြောင့် ရွှေသောင်ယံက ဒေသခံပြည်သူများမှာ စစ်ရှောင်ရန်ပြင်ဆင်နေကြသော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တားဆီးနေပြီး ဈေးဆိုင်များကို အတင်းအဓမ္မ ဖွင့်ခိုင်းနေသည်ဟု သိရသည်။
ပုသိမ်သတင်းရင်းမြစ်တစ်ဦးက “ဇန်နဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်က ရွှေသောင်ယံမြို့နယ်ခွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှည့်လည်ပြီး ဒေသခံတွေကို မသွားကြဖို့ တားဆီးနေတယ်။ ဈေးဆိုင်တွေကိုလည်း အတင်းဖွင့်ခိုင်းနေတယ်။ တိုက်ပွဲက နီးကပ်လာတယ်။ ဒေသခံတွေက တိုက်ကြားမှာ ညှပ်မှာစိုးလို့ ပုသိမ်နဲ့ တခြားနေရာတွေကို တိမ်းရှောင်ချင်ကြတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်ပြီးတားနေတယ်” ဟု ပြောသည်။
သို့သော်လည်း ရွှေသောင်ယံက ဒေသခံပြည်သူများမှ ပုသိမ်မြို့ပေါ်နှင့် တခြားဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းနေကြသည်ဟု ပုသိမ်မြို့နယ်သတင်းအထူးတပ်ဖွဲ့က ပြောသည်။
ကန်ကြီးထောင့်မြို့နယ်မှာလည်း မြို့မရဲစခန်းမှ ရဲမှူး မျိုးအောင်က ဦးဆောင်ကာ AA ပူးတပ်ဖွဲ့ဝင်ရောက်လာပါက ပြန်လည်ခုခံရန် ပြင်ဆင်နေကြောင်းနှင့် စခန်းပတ်လည်တွင်လည်း ကတုတ်ကျင်းများတူးကာ ပြင်ဆင်ထားသည်ဟု ပုသိမ်မြို့နယ်သတင်းအထူးတပ်ဖွဲ့က ပြောဆိုထားသည်။
“ရဲမှူးကသာ ဖိအားပေးပြီး ကျင်းတွေတူးခိုင်းနေတာ ရန်သူဝင်လာရင် ခုခံတိုက်နိုင်လောက်တဲ့ အင်အားမရှိသလို ယခုလက်ရှိစခန်းမှ တကယ်လာတိုက်ရင် ထွက်ပြေးမယ့်သူနဲ့ အလံဖြူထောင်မယ့်သူပဲ ရှိတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူအား ကိုးကား၍ ပြောဆိုထားသည်။
ကန်ကြီးထောင့် မြို့အဝင်ဂိတ်နှင့် ဘဲဂရက်ဂိတ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘန်ကာများကို သဲအိတ်များဖြင့်ကာ၍ ပိတ်စိမ်းများဖြင့် အထပ်ထပ်ကာထားသည်ဟု သိရသည်။
ယင်းအပြင် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်သို့လည်း တိုက်ပွဲကူးစက်လာ၍ ဒေသခံပြည်သူများမှာ စစ်ရှောင်ရန် ပြင်ဆင်နေကြေသည်။
အာရက္ခတပ်တော် AA ကလည်း ရခိုင်နှင့်ထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသက အစပ်နေရာများတွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဇန်နဝါရီလ ၂၀ ရက်က သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း ရေကြည်မြို့နယ်နှင့် အမ်း-ပဒါန်းလမ်းမအနီးတွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု AA က ဆိုသည်။
အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ဧရာဝတီတိုင်းထဲက မကျီးဇင်နှင့် ဘောမိတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေသောင်ယံမြို့နယ်ခွဲနှင့် ချောင်းသာမြို့တို့တွင် ခုခံစစ်များ သေချာပြင်ဆင်ထားကြောင်း ပုသိမ်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။