တအာင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးကြောင်း တအာင်းတပ် TNLA ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် နောင်ချိုမြို့နယ်၊ ရဲစခန်း အနီးရှိ ပါရမီ ၂ လက်ဖက်ရည်ဆိုင်သို့ လေယာဉ်ဖြင့် လာရောက်ပြီး ဗုံးနှစ်လုံး ကြဲမှုကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစုနှင့် ဝန်ထမ်းများ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက “နောင်ချို ရဲစခန်းနားက ပါရမီ ၂ လက်ဖက်ရည်ဆိုင်ကို တည့်တည့်ကျတာ။ ဆိုင်ပိုင်ရှင်မိသားစုကလည်း လက်ဖက်ရည်ဆိုင်ကို သန့်ရှင်းလုပ်နေတဲ့အချိန်မှာ ဗုံးကျတာ။ ဆိုင်ဝန်ထမ်းတွေက ခေါင်းပြတ်၊ ခြေပြတ်တွေဖြစ်ကုန်တယ်”ဟုပြောသည်။
အတည်မပြုရသေးသော သတင်းများအရ သေဆုံးသူများမှာ ၁၀ ဦးထက်မနည်း ရှိပြီး ဒဏ်ရာရရှိသူ အခြေအနေများကိုလည်း မသိရှိရသေးကြောင်း နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောသည်။
“ဗုံးကျတဲ့အချိန်မှာ ဆိုင်ထဲမှာ ထိုင်နေတာကလည်း ၁ ၀ိုင်း၊ ၂၀ိုင်းလောက်ရှိတယ်။ အကြော်ဆရာ ၁ ဦးပဲ ကောင်းကောင်းလွတ်တယ်။ ပထမ ကြားတာ DB အလောင်း ၈ လောင်း။ အခုနောက်ဆုံး Update သေဆုံးသူ ၁၀ ဦးရှိပါတယ်။ ဒဏ်ရာရသူ အရေအတွက်လည်း မသိရသေးဘူး” ဟုပြောဆိုသည်။
နောင်ချိုမြို့နယ်ကို ယမန်နေ့ကလည်း လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီး ဗုံးကျရောက်ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ယနေ့တွင် စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင်လည်း ကျောက်မဲမြိုနယ် ပန်ပေါက်ရွာ တိုးဂိတ်အနီး ညနေ ၃ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။