အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ မြိုလူမျိုး ၉၁ ဦးကို AA က စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ခေါ်ဆောင်ခြင်း ခံရသည့် မြိုတိုင်းရင်းသားများက Western News ကို ပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို အာရက္ခတပ်တော် AA က ခေါ်ဆောင်သွားကြောင်း သိရသည်။
ဒေသခံ မြိုတစ်ဦးက “ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး တပ်တော်က စစ်မှုထမ်းဖို့ဆိုပြီး အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အခုထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။ ကာယကံရှင်တွေရဲ့ သဘောဆန္ဒနဲ့ ခေါ်သွားတာမဟုတ်ဘဲ ဒီအတိုင်း မလိုက်မနေရပုံစံနဲ့ ခေါ်သွားတာပါ။ အသက် ၁၈ နှစ်အောက် ကလေးတွေလည်း ပါသွားပါတယ်” ဟု ပြောသည်။
စစ်မှုထမ်းရန် ခေါ်ယူခံရသူများအနက် အချို့မှာ အိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးသာ ရှိသည်ကိုလည်း ခေါ်ယူသွားပြီး မိအိုဘအိုသာ ကျန်ရှိခဲ့ကြောင်း နောက်ထပ် မြိုတစ်ဦးက ပြောသည်။
“မိသားစု တစ်စုမှာ ယောင်္ကျား ၃ ယောက်ရှိတယ်။ တစ်ယောက်ကိုတော့ ခေါ်ရမယ် နားလည်ပေးတယ်။ ကျန်နှစ်ယောက်ကိုတော့ မိသားစု မိဘ ဇနီးမယား သားသမီးတွေကို ပြုစုစောင့်ရှောက် ကာကွယ်ပေးဖို့ ချန်ထားခဲ့သင့်တယ်မဟုတ်လား၊ ရှိသမျှ ယောင်္ကျား အကုန်လုံးကို ခေါ်သွားရင် ကျန်ရှိမိသားစုဝင်တွေက ဘယ်လို စားဝတ်နေရေး ဖြေရှင်းမလဲ ကိုယ်ချင်းစာစိတ် ရှိစေချင်ပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA အနေဖြင့် စစ်မှုထမ်းရန် ခေါ်ယူလိုပါက လူကြီးလူကောင်းပီပီ ခေါ်ယူစေချင်ကြောင်းနှင့် ကာယကံရှင်များ၏ သဘောဆန္ဒမပါဘဲ အတင်းယူခေါ်ခြင်းကို မလုပ်သင့်ကြောင်း မြိုတိုင်းရင်းသားများက တောင်းဆိုနေကြသည်။
“ကျွန်မတို့ မြို လူမျိုးတွေလည်း ဟို…ရခိုင်မင်းဘုရင် လက်ထက်ကတည်းက အေးအတူ/ပူအမျှ အသက်ပေးပြီး သွေးချင်းညီအကို တိုင်းရင်းသားတွေအဖြစ် နေထိုင်လာခဲ့တာပါ။ ကိုယ့်ပြည်နယ်တွက် အသက်ပေးကာကွယ်ရမယ်ဆိုတာလောက်က သိတတ်နားလည်ပါတယ်။ ခုကနည်းနည်း မတရားသလိုမျိုးဖြစ်နေပြီ။ ကျောင်းသားလူငယ်တွေကိုပါမချန် အတင်းခေါ်ယူတာမျိုးကတော့ ဘယ်အဖွဲ့စည်းဖြစ်ဖြစ် လက်မခံနိုင်ဘူးရှင့်။ ခေါ်မယ်ဆိုရင် အတင်းဖိအားမပေးပဲ လူကြီး/လူကောင်းပီပီ ခေါ်ယူစေချင်တယ်” ဟု အသက် ၅၀ အရွယ် မြိုအမျိုးသမီးတစ်ဦးက ပြောသည်။
ညီမဖြစ်သူ၏ အမျိုးသား စစ်မှုထမ်းရန် ခေါ်ယူခံရ၍ အစ်မဖြစ်သူက ညီမမိသားစုအတွက် စိတ်မကောင်းဖြစ်နေသည်။
“ကျွန်မရဲ့ ညီမလေးယောင်္ကျား မတ်လေးဆိုရင် ၂၀၂၃ မှာ သူ့အဖေဆုံးသွားတော့၊ အမေအိုနဲ့ အငယ်တွေ ဇနီးမယားသားသမီးတွေကို အိမ်ထောင်ဦးစီးအနေနဲ့ သူတစ်ယောက်ထဲ ရှာကျွေးနေရတာ၊ အခု မတ်လေးကို အတင်းဖမ်းခေါ်သွားတော့ ရှာကျွေးမယ့်သူ မရှိတော့ဘူး။ မိသားစုဝင်တွေ ဘယ်လိုနေကြမလဲ။ မျိုးချစ်စိတ်ဆိုတာမျိုးက သေနတ်ကိုင်ပြီး တိုက်ပွဲဝင်ရုံနဲ့ မပြီးသေးဘူး၊ ကိုယ့်ကြောင့် ညီအကို တိုင်းရင်းသားတွေ မိသားစုတွေ ဒုက္ခမရောက်ဖို့တွက်ပါ တွေးပေး စဥ်းစားပေးရတယ်။ ဒီလိုမှ မျိုးချစ်ပီပီ သူရဲကောင်းအဖြစ် နာမည်ကောင်းတွေ ကျန်ရှိနေမှာပါ။ အဲလို သူရဲကောင်းတွေက လူသေရင်တောင် နာမည်မသေဘူး ရှင့်” ဟု ပြောသည်။
မောင်တောမြို့နယ်က မြိုလူမျိုးများ စစ်မှုထမ်းရန် အတင်းခေါ်ယူခံရခြင်းနှင့် ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။
မောင်တောဒေသကို အာရက္ခတပ်တော် AA မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အလုံးစုံ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ရခိုင့်ပင်လယ်ပြင်နှင့် နယ်စပ်တစ်လျောက်အား ကာကွယ် စောင့်ရှောက်နေကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့က စစ်ကောင်စီများကို တိုက်ထုတ်ရန် ပြင်ဆင်နေသည်။
သိမ်းပိုက်ရရှိထားသော မြို့များကို ကာကွယ်စောင့်ရှောက်ရန် အာရက္ခတပ်တော် AA တွင် လူအင်အား အများအပြားလိုအပ်နေပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်ဒေသတို့က လူငယ်အများအပြားကို စစ်မှုထမ်းရန် ခေါ်ယူမှုရှိခဲ့ကြောင်း Western News က စုံစမ်းရရှိထားသည်။
ရခိုင်ပြည်ကနေ ရန်ကုန်မြို့သို့ သွားရောက်ကြသည့် အမျိုးသား၊ အမျိုးသမီးအပါအဝင် ရခိုင်လူငယ် ၅၀ ကျော်ကိုလည်း အမ်းမြို့နယ်တစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းကာ စစ်မှုထမ်းရန် ခေါ်ယူသွားကြောင်း မိသားစုဝင်များက Western News ကို ပြောဆိုထားကြသည်။
အာရက္ခတပ်တော် AA အနေဖြင့် စစ်မှုထမ်းရန် ခေါ်ယူခြင်းကို မိသားစုဝင် သို့မဟုတ် ကာယကံရှင်များ၏ သဘောတူညီမှု မပါရှိဘဲ အတင်းခေါ်ယူခြင်းကို မပြုလုပ်သင့်ကြောင်း ခေါ်ယူခံသည့် မိသားစုဝင်များက တောင်းဆိုနေကြသည်။