Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်၊ စစ်တွေမြို့က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က သတ်ဖြတ်ပြီး မိသားစုဝင်များအား အသိပေးခြင်း မရှိဘဲ အလောင်းအား မြေမြုပ် သင်္ဂြိုလ်လိုက်ကြောင်း စစ်တွေမြို့ ဒေသခံများက Western News ကိုပြောသည်။

စစ်တွေမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် အသက် ၅၀ အရွယ်ရှိ ဦးကျော်လင်း မှာ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“သူက စစ်တွေကနေ ၁၉ ရက်နေ့ က သူ့ရွာကို သွားတာပါ။ စံပြရပ်ကွက်သို အပြန်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ နောက်ဆုံးနေတော့ တပ်ထဲမှာ အသတ်ခံလိုက်ရတယ်လို့ သတင်းရပါတယ်။ မိသားစုတွေကိုလည်း အကြောင်း မကြားပါဘူး။ တပ်ထဲမှာပဲ သင်္ဂြိုလ် လိုက်တယ်လို့ သိရပါတယ်”ဟုပြောသည်။

ဦးကျော်လင်းမှာ ဇန်နဝါရီ ၁၉ ရက်နေ့က စစ်တွေမြို့နယ် ပျားလည်ချောင်းရွာက ၎င်းနေထိုင်ရာ စစ်တွေမြို့ စံပြရပ်ကွက်သို့ အပြန်မှာ စစ်တွေအခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲဝင်များက အာရက္ခတပ်တော် AA ဆက်စပ်မှု ရှိသည်ဟုဆိုကာ စစ်ဆေးခဲ့ပြီးနောက် ညနေပိုင်းတွင် ၎င်း၏ ရုပ်အလောင်းကို စစ်ဌာနချုပ် (ဒကစ) အတွင်း ရှိ ရိပ်သာသို့ လာရောက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ဦးကျော်လင်း ၏ ရုပ်အလောင်းကို မိသားစုဝင်များကို တစ်စုံတစ်ရာအသိပေးခြင်းမရှိဘဲ စစ်ဌာနချုပ် (ဒကစ) အတွင်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေပိုင်းတွင် သင်္ဂြိုလ်လိုက်ကြောင်း မိသားစုဝင်များ နီးစပ်သူတစ်ဦးက က ပြောဆိုထားသည်။

အာရက္ခတပ်တော် AA မြို့သိမ်းတိုက်ပွဲ မဆင်နွဲကတည်းက စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းရှိ အရပ်သားများကို AA နှင့် ဆက်စပ်မှုများ ရှိသည်ဟုဆိုကာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ကို လုပ်လေ့ရှိနေခဲ့သည်။

လက်ရှိတွင်လည်း စစ်ကောင်စီ၏ ထိန်းချုပ်ထားသည့်မြို့များ ဖြစ်သော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များတွင် အရပ်သားများအား ဖမ်းဆီးခြင်း ရေလမ်း၊ ကုန်လမ်းများနှင့် လေကြောင်း လိုင်းများကို ကန့်သတ် စစ်ဆေးမှုများ ရှိနေသည်။

ဆက်စပ်သတင်းများ