Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်က ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီတင့်ကား ၄ စီးကို တိုက်ခိုက်ခဲ့ပြီး တစ်စီးမှာ ပျက်စီးသွားကြောင်း သိရသည်။

အမ်း-ပဒါန်းလမ်းပိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာတွင် ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်အချိန်တွင် စစ်ကောင်စီ တင့်ကားများကို တိုက်ခိုက်ခဲ့သည်ဟု PRA မကွေးတပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သး ၅ ဦး သေဆုံးသွားသလို ၈ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း PRA မကွေးတပ်က ဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ ခန့် ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်းနှင့် ၂ဝ၂၅ ဇန်နဝါရီလအတွင်း တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့မှုများရှိခဲ့သည်ဟု PRA မကွေးတပ်က ပြောသည်။

စစ်ပွဲများမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်ဟု PRA က ဆိုသည်။

ထိတွေ့တိုက်ပွဲများနှင့် ပိတ်ဆို့ဖမ်းဆီးမှုများအတွင်း ခမရ (၁၁၃) မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၂) ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီး (၂) ဦး၊ အရာခံဗိုလ် (၁) ဦးအပါအဝင် (၁၀) ဦးထက်မနည်းသေဆုံးခဲ့သည်ဟု PRA က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများမှ ၆ဝ မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ လက်နက်ငယ် (၈) လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ရေးဆိုင်ရာ ရည်မှန်းချက်များအတိုင်း တစ်ဆင့်ချင်းအကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသများအထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဟု
မိမိတို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန် အသိပေးထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ