ရခိုင်ပြည်ကို ထိန်းချုပ်သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံထားရသည့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းထားကြောင်း သိရသည်။
AA ထိန်းချုပ်သိမ်းပိုက်ထားသည့် ဘူးသီးတောင်၊ မောင်တောဒေသကို ရယူနိုင်ရေးအတွက် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့သည် Four Brothers Alliance (All Rohingya Army) ဖွဲ့စည်းထားသည်ဟု ၎င်း၏ ထုတ်ပြန်ရေးစာမျက်နှာများမှ ကြေညာထားကြသည်။
စုပေါင်းထားသော မွတ်ဆလင်များ၏ လက်နက်ကိုင်အဖွဲ့အစည်းများမှာ Rohingya Solidarity Organisation (RSO), Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA) နှင့် Rohingya Islami Mahaaz (Arakan) တို့ဖြစ်ကြသည်။
RSO, ARSA, ARA တို့ကို ရခိုင်ပြည်သူများနှင့် အခြားသော တိုင်းရင်းသားများကြားတွင် ရင်းနှီးနေသော်လည်း Rohingya Islami Mahaaz (Arakan) တပ်ကို ရင်းနှီးမှုမရှိကြပေ။
Rohingya Islami Mahaaz (Arakan) တပ်ကို Arakan Rohingya Islamic Front (ARIF) လည်း ခေါ်ဝေါ်ပြီး RSO တပ်နှင့် မဟာမိတ်ဖွဲ့ထားသည့် မွတ်ဆလင် အစ္စလာမ္မစ် သောင်းကျန်းသူအဖွဲ့ဖြစ်သည်။
Arakan Rohingya Islamic Front (ARIF) သည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရခိုင်ပြည် မြောက်ပိုင်းတွင် လှုပ်ရှားပြီး အဆိုပါအဖွဲ့ကို ရန်ကုန်တက္ကသိုလ် ပညာသင်ရှေ့နေ Nurul Islam (နူရူအစ္စလမ်) ဦးဆောင်သည့် မွတ်ဆလင် တိုက်ခိုက်ရေးသမားများနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။
Rohingya Patriotic Front (RPF) ၏ အကြွင်းအကျန်များနှင့် နူရူအစ္စလမ် ကွပ်ကဲမှုအောက်တွင်ရှိသော RSO ၏ ကင်းလှည့်သောအဖွဲ့ကို ပေါင်းစည်းပြီးနောက် ARIF အဖွဲ့ကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုရ်အာန်ကျမ်းစာအရ အမှန်တရားဘက်က ရပ်တည်ပြီး ဖိနှိပ်သူများကို ပြန်လည်တိုက်ခိုက်မည်ဟု ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမအပတ်ကစ၍ မွတ်ဆလင်များ၏ Four Brothers Alliance က လှုံ့ဆော်ပြောကြားနေသည်။
“ငါတို့နိုင်ငံကို တာဝန်ခံမှုအပြည့်နဲ့ ကာကွယ်သွားမယ်” ဟု လှုံ့ဆော်နေပြီး စစ်သွေးကြွမွတ်ဆလင်များ ပြောသော နိုင်ငံသည် ရခိုင်ပြည်ထဲက ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသတို့ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
“မင်းအိမ်ကို မင်းကာကွယ်ရမယ်။ မင်းနိုင်ငံကိုမင်းကာကွယ်ရမယ်။ ဒါမှ မင်းတို့ အမေအဖေတွေ ကြိုက်နှစ်သက်မယ်။ မင်းတို့မိသားစုတွေ ပျော်ရွှင်မယ်” စသည့် စာသားများဖြင့်လည်း Four Brothers Alliance ကနေ စည်းရုံးနေသည်။
အာရက္ခတပ်တော် AA သည် ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီများ ကင်းစင်သွားပြီဖြစ်သော်လည်း စစ်သွေးကြွမွတ်ဆလင်များ၏ လက်နက်ကိုင်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်။
စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့အစည်းများမှာ တောတောင်ထူထပ်သော နေရာများ အထူးသဖြင့် မေယုတောင်တန်းတွင် အခြေစိုက်လှုပ်ရှားကြပြီး ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း (မွတ်ဆလင်) ကျေးရွာ၏ အနောက်မြောက်ဘက်က ARSA တပ်စခန်း ၄ ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်က သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
AA က စစ်ကောင်စီထံမှ ဘူးသီးတောင်၊ မောင်တောဒေသကို တိုက်ခိုက်သိမ်းပိုက်စဉ် RSO တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီဘက်က တပ်ကူအဖြစ် အာရက္ခတပ်တော် AA ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကို စစ်ကောင်စီအနေဖြင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ RSO ၏ သီးခြားအနေဖြင့် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း RSO ပြောခွင့်ရ ဦးကိုကိုလင်းက ဘီဘီစီနှင့်မေးမြန်းမှုတွင် ပြောဆိုထားသည်။
ယခင်က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် စစ်ကောင်စီအား တိုက်ခိုက်ခဲ့သော်လည်း လက်ရှိတွင် မွတ်ဆလင်လူမျိုးများအတွက် အာရက္ခတပ်တော် AA အား တိုက်ခိုက်သွားမည်ဟု ဦးကိုကိုလင်းက ပြောဆိုခဲ့သည်။