Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် မောင်တောမြို့နယ်က မြိုလူမျိုးများကို AA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ယူသွားခြင်းအပေါ် အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဇန်နဝါရီလ ၂၃ ရက်တွင် ဟုတ်မှန်ကြောင်း ဝန်ခံပြောဆိုလိုက်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး မောင်တောမြို့နယ် ကျေးရွာ ၁၀ ရွာမှ လူပေါင်း ၉၁ ဦး အာရက္ခတပ်တော် AA က စစ်မှုထမ်းရန် ခေါ်ယူသွားသည်ဟု မိသားစုဝင်များနှင့် မြိုအချို့က Western News ကို ပြောဆိုထားသည်။

မြိုလူမျိုးများအား စစ်မှုထမ်းရန် ခေါ်ယူခြင်းရှိမရှိနှင့် ပတ်သက်၍ မီဒီယာများမေးမြန်းမှုအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယခုလိုတုန့်ပြန် ပြောဆိုထားသည်။

“ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒီ မွတ်ဆလင်အစွန်းရောက် အဖွဲ့တွေဟာ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေကို တောက်လျှောက်ခြိမ်းခြောက်လျက်ရှိသလို ဒေသခံတွေ မကြာမကြာသတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေ ဒီအကြမ်းဖက်သမားတွေဆီမှာ သတ်ဖြတ်မခံရဖို့နဲ့ ဒီလုံခြုံရေးသတိရှိဖို့ နော် သူတို့ရဲ့ကျေးရွာကို သူတို့ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အရေးကြီးလာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေနဲ့ စနစ်တကျချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ နော် ဒေသခံတွေကို ဒါ အခြေခံလုံခြုံရေးအသိပညာပေး သင်တန်းတွေ၊ ကျနော်တို့ ပေးနေတာရှိပါတယ်။ ဒါဟာ ဒေသခံတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် လိုအပ်လို့ ကျနော်တို့လုပ်ပေးနေရတာဖြစ်ပါတယ်” ဟု ပြောသည်။

မောင်တောမြို့ နတ်မြစ်တစ်ဖက်ကမ်းမှာရှိသည့် ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များတွင်လည်း မွတ်ဆလင်များ ထောင်ပေါင်းများစွာစုစည်းပြီး ရခိုင်ပြည်သူများအား လူမျိုးတုန်းသတ်ဖြတ်ရန် ပြင်ဆင်နေကြသည်ဟု ဦးခိုင်သုက ဆက်လက်ပြောသည်။

“ခင်ဗျားတို့ အားလုံးသတိတဲ့အတိုင်းပဲ ဒီ နတ်မြစ်ရဲ့တစ်ဖက်ကမ်းမှာ ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်အဖွဲ့တွေဟာ ထောင်ပေါင်းများစွာ အင်အားစုပြီးတော့မှ ကျနော်တို့ရဲ့ ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်ပစ်ဖို့ ခြိမ်းခြောက်နေတာတွေရှိပါတယ်။ ဒါ့ကြောင့် အုပ်ချုပ်သူအစိုးရတစ်ရပ်အနေနဲ့ လုံခြုံရေးလိုအပ်ချက်အရ လုပ်သင့်တာကို လုပ်နေတာဖြစ်ပါတယ် နော် ဒီဟာကို အားလုံးကနေပြီးတော့မှ နိုင်ငံသားကောင်းပီသစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို အာရက္ခတပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

စစ်မှုထမ်းရန် ခေါ်ယူခံရသူများအနက် အချို့မှာ အိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးသာ ရှိသည်ကိုလည်း ခေါ်ယူသွားပြီး မိအိုဘအိုသာ ကျန်ရှိခဲ့ကြောင်း မြိုတစ်ဦးက ပြောသည်။

“မိသားစု တစ်စုမှာ ယောကျာ်း ၃ ယောက်ရှိတယ်။ တစ်ယောက်ကိုတော့ ခေါ်ရမယ် နားလည်ပေးတယ်။ ကျန်နှစ်ယောက်ကိုတော့ မိသားစု မိဘ ဇနီးမယား သားသမီးတွေကို ပြုစုစောင့်ရှောက် ကာကွယ်ပေးဖို့ ချန်ထားခဲ့သင့်တယ်မဟုတ်လား၊ ရှိသမျှ ယောကျာ်းအကုန်လုံးကို ခေါ်သွားရင် ကျန်ရှိမိသားစုဝင်တွေက ဘယ်လို စားဝတ်နေရေး ဖြေရှင်းမလဲ ကိုယ်ချင်းစာစိတ် ရှိစေချင်ပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA အနေဖြင့် စစ်မှုထမ်းရန် ခေါ်ယူလိုပါက လူကြီးလူကောင်းပီပီ ခေါ်ယူစေချင်ကြောင်းနှင့် ကာယကံရှင်များ၏ သဘောဆန္ဒမပါဘဲ အတင်းယူခေါ်ခြင်းကို မလုပ်သင့်ကြောင်း မြိုတိုင်းရင်းသားများက တောင်းဆိုနေကြသည်။

မောင်တောဒေသကို အာရက္ခတပ်တော် AA မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ရခိုင့်ပင်လယ်ပြင်နှင့် နယ်စပ်တစ်လျှောက်အား ကာကွယ်စောင့်ရှောက်နေကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် ဆက်လက် ကာကွယ်စောင့်ရှောက်ရန် AA တွင် လူအင်အား အများအပြားလိုအပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ