(စစ်သုံ့ပန်းများအပေါ် ကျူးလွန်ခဲ့သည့် တပ်မှူးနှင့်ပါဝင်ပတ်သက်သူများကို အရေးယူထားပြီဟုဆို)
အာရက္ခတပ်တော် AA အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ် ကွပ်မျက်ခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့ Fortify Rights မှ ဇန်နဝါရီလ ၂၃ ရက်တွင် ဖော်ထုတ်ထားသည်။
AA တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို မြေကျင်းတစ်ခုရှေ့တွင် လည်လှီးသတ်ဖြတ်ခြင်း၊ ခုတ်ထစ်ခြင်းပြုလုပ်သည့် ဗီဒီယိုဖိုင်အား လက်ခံရရှိထားသည်ဟု Fortify Rights က ဆိုသည်။
“အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသင့်ပါတယ်” ဟု Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောသည်။
နှိပ်စက်ခံရသူနှစ်ဦးသည် ဗီဒီယိုအဆုံးတွင် သေဆုံးပုံမပေါ်သော်လည်း အခြေအနေအရ သို့မဟုတ် ၎င်းတို့၏ ဒဏ်ရာများအရ အသက်ရှင်နိုင်ဖွယ်မရှိကြောင်း Fortify Rights က ဆိုသည်။
စစ်သုံ့ပန်းများအပေါ် ကွပ်မျက်သည်ဟု Fortify Rights ၏ စွပ်စွဲပြောဆိုချက်များကို အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဝန်ခံထားပြီး ကျူးလွန်သူများကို အရေးယူထားပြီဟု ပြန်လည်တုန့်ပြန်ထားသည်။
“စစ်စည်းကမ်းချိုးဖောက်ပြီးတော့မှ ပြစ်မှူကျူးလွန်ခဲ့တာတွေ ဖြစ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုလို့ရှိရင် သူတို့ရဲ့ မိသားစုတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ထားတဲ့ မြန်မာ ဒီအကြမ်းဖက် စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာပေါ့နော်။ ကျနော်တို့ရဲ့ ဒေသခံပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲနဲ့ အခုလိုမျိုး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဖြစ်စဉ်မှာ ပါခဲ့တဲ့ အောက်ခြေတပ်မှူးငယ်တချို့အပါအဝင် ပါဝင်သူအားလုံးကို ကျနော်တို့ ဖော်ထုတ်ပြီးတော့မှ ကျနော်တို့ ဒါ အရေးယူအပြစ်ပေးထားပြီးဖြစ်ပါတယ်” ဟု ပြောသည်။
Fortify Rights ဖော်ထုတ်သည့် ဗီဒီယိုဖိုင်ပါဖြစ်စဉ်သည် ကျောက်တော်မြို့နယ်ထဲက စကခ ၉ တပ်မဌာနချုပ်ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်ကာလအတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
“ကျနော်တို့ အာရက္ခတပ်တော်အနေနဲ့ကတော့ ဒီလိုလက်စားချေ သတ်ဖြတ်တဲ့ကိစ္စမျိုး ကျနော်တို့ လုံးဝ လက်မခံပါဘူး။ ဒါမျိုးမဖြစ်အောင်လည်းပဲ စစ်စည်းကမ်းနဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော်မှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးသင့်သည်ဟု Fortify Rights က တောင်းဆိုနေသည်။
Ejaz Min Khant ဧဂျက်ဇ်မင်းခန့် က “ပြစ်မှုကျူးလွန်သူတွေဟာ ပေါ့ပေါ့ပါးပါးကျူးလွန်နေသမျှ စစ်ရာဇဝတ်မှုကို မှတ်တမ်းတင်ရိုက်ကူးထားတာကို သူတို့ကိုယ်တိုင်ကိုက လက်ခံနေတာ တွေ့နေရပါတယ်” ဟု ဆိုသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ရခိုင်ပြည် မြောက်ပိုင်းတွင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်များကြောင့် စိုးရိမ်မိသည်ဟု ပြောဆိုထားသည်။