Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို တိုးမြှင့်ခေါ်ယူရန် ဒေါက်တာအေးမောင်ပါတီ ရခိုင့်ဦးဆောင်ပါတီ AFP အပါအဝင် နိုင်ငံရေးပါတီများအစုအဖွဲ့က အကြုံပြုတိုက်တွန်းထားကြောင်း သိရသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီဘက်မှ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ နှစ်ဖက်စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်ဟု စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက ဖော်ပြကြသည်။

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နိုင်ငံတော်ရင်ခွင့်သို့ ပြန်လည်ဝင်ရောက်လာရေးကိုလည်း စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက “နိုင်ငံရေးပါတီတွေက ပြည်သူတွေဘက်က မဟုတ်တော့ဘူး။ စစ်ကောင်စီ အလိုကျ သွားနေရတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်သွားပြီ။ ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေးလုပ်ပါတယ်ဆိုတဲ့ နာမည်ရရုံအတွက်သာ ပါတီထောင်ပြီး လုပ်နေကြတာ။ ပြည်သူတွေအတွက် ဘာမှ လုပ်ပေးနိုင်တာ မဟုတ်ဘူး။ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေ တော်တော်လေး ဒုက္ခရောက်နေကြတဲ့အချိန်မှာ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ထောက်ခံအားပေး ချီးမွမ်းနေတာက နိုင်ငံရေးသမားတွေအဖြစ်ကနေ လူသတ်ကောင်တွေ အဖြစ် မိမိကိုယ်ကို သတ်မှတ်လိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။


ယင်းဆွေးနွေးပွဲသို့ မင်းအောင်လှိုင် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အာဏာသိမ်း စစ်ကောင်စီ ဖွဲ့စည်းထားသော စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီတွင် စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်သည် ဥက္ကဌ အဖြစ် နေရာထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိသော လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ယူနေပြီး လက်ရှိတွင် အမျိုးသမီးများပါ စစ်မှုထမ်းရန် စီစဉ်လာကြောင်း သိရသည်။

စစ်မှုထမ်းနိုင်သည့် အသက်အရွယ် လူငယ်များကို ပြည်ပသို့ ထွက်ခွာခွင့် မပြုကြောင်းလည်း စစ်ကောင်စီဘက်က ထုတ်ပြန်လာပြီး နိုင်ငံအတွင်းက လူငယ်များသည် ဖိနှိပ်မှုများဖြင့် ကြုံတွေ့နေရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ