ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းအစပ် ဒေသများမှ တိုက်ပွဲများတွင် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည့် တပ်သားရုပ်အလောင်းများကို ရွှေမြင်တင် မီးသင်္ဂြိုလ်စက်မှာ စစ်ကောင်စီက သင်္ဂြိုလ်ပေးနေကြောင်း သိရသည်။
ရခိုင်-ဧရာဝတီအစပ် မကျီးဇင်ဒေသ၊ ဘောမိဒေသနှင့် ရွှေသောင်ယံကမ်းခြေအနီးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်နှင့် စစ်ကောင်စီပ်တို့ကြား တိုက်ပွဲများ ပြင်ထန်လျက်ရှိပြီး ရေကြည်မြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်နေကြသည်။
ဇန်နဝါရီလ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ရွှေမြင်တင်မီးသင်္ဂြိုလ်စက်သို့ တပ်သားအလောင်းများတင်ဆောင်ကာ စစ်ကောင်စီ စစ်ကားအပါအဝင် ကား ၅ စီးခန့် ရောက်ရှိလာကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ပုသိမ်မြို့နယ် နတ-မဆရ (၄) မှာ ဧရာဝတီ-ရခိုင်အစပ် စစ်မြေပြင်က ဒဏ်ရာရ ဆေးကုနေကြတဲ့ စခ တွေဟာ ရွှေမြင်တင်မီးသင်္ဂြိုလ်စက်မှာ နေ့စဉ် လာရောက် သင်္ဂြိုလ်နေကြပါတယ်။ ဇန် ၂၄ ရက်နေ့က ဘဝဆည်းဆာကား၊ စစ် Faw ကားနှစ်စီး၊ စစ်သားမိန်းမကား မီနီဘတ်တစ်စီး၊ ကားအဝါရောင်တစ်စီး စုစုပေါင်း ၅ စီးခန့်ဖြင့် လုံခြုံရေးယူပြီး နိုင်ငံတော်အလံတွေအုပ်ကာ မသာချသွားပါတယ်” ဟု ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် AA သည် ရခိုင်ပြည် ဂွမြို့၊ အမ်းမြို့နှင့် တောင်ကုတ်မြို့တို့ကို သိမ်းပြီးနောက် ယင်းမြို့တို့နှင့် ဆက်စပ်နေသည့် မကွေး၊ ပဲခူး၊ ဧရာဝတီတို့က စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေသည်။
လက်ရှိတွင် ဂွမြို့နှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းထဲက မကျီးဇင်က စစ်ကောင်စီစခန်းများ၊ ဘောမိက စစ်ကောင်စီ စစ်စခန်းများကို သိမ်းပိုက်ထားကြောင်း သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။
မကျီးဇင်နှင့် ဘောမိတိုက်ပွဲတွင် စစ်ကောင်စီက တင့်ကားတပ်ရင်းကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီး AA ပူးပေါင်းတပ်ဖွဲ့က တင့်ကားများကို သိမ်းဆည်းလိုက်ခြင်းကြောင့် တိုက်ပွဲပါ တင့်ကားတပ်ရင်းမှူးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။
ရွှေသောင်ယံဒေသက တိုက်ပွဲများကြောင့် အာဏာသိမ်း စစ်ကောင်စီသည် ပုသိမ်းမြို့၊ သာပေါင်းမြို့၊ ချောင်းသာ၊ ငွေဆောင်၊ ငသိုင်းချောင်း၊ ရေကြည်မြို့၊ လေးမျက်နှာ၊ ရခိုင်ကုန်း စသည့် မြို့များတွင် အဝင်အထွက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း သိရသည်။