စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော ရခိုင်ရိုးမတောင်းတန်းအထက်ရှိ မိုးထိတောင်စခန်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့် ပွိုင့် ၃၆၉ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။
ရခိုင်ရိုးမတောင်းတန်းအထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို ပြီးခဲ့သည့် ၅ ရက်ခန့်ကြာ AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်၊ နံနက် ၁၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အလောင်းအချိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုအပြင် ဧရာဝတီ-ရခိုင်အစပ်၊ ဧရာဝတီတိုင်းအတွင်းရှိ ပွိင့် ၂၆၃ စခန်းအား ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပွိုင့် ၃၆၉ စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။
လက်ရှိတွင် အာရက္ခတပ်တော် AA မှ သိမ်းပိုက်ထားသော ပွိင့် ၂၆၃ စခန်းအား စစ်ကောင်စီ စခန်းအား ဇန်နဝါရီလ ၂၇ ရက်၊ နေ့လယ် ၁ နာရီကျော်တွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့် အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
အလားတူ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းမထက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့၌ စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄) တပ်ရင်းတို ပူးပေါင်းစစ်ကြောင်းနှင့် AA နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဂုတ်စီးရိုးကျေးရွာဘက်သို ဆုတ်ခွာသွားခဲ့ရပြီးနောက် ဆက်လက်တိုက်ခိုက်ရာတွင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီ၏ အလောင်းနှင့် လက်နက်ခဲယမ်းအချို ကိုထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။
ရခိုင်ရိုး မတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိနေပြီး စစ်ကောင်စီဖက်ကလည်း ပဲခူးတိုင်းဖက်မှ AA အား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေကာ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျှက် ရှိနေခဲ့သည်။
အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် ရခိုင်ရိုးမကို ကျော်လွန်ကာ ဧရာဝတီတိုင်း ဒေသများ၏ စစ်ကောင်စီ စခန်းများကို ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။