အသက် ၂၄ နှစ်ရွယ်ရှိ လူငယ်တစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ဖမ်းဆီး၍ ငွေကျပ် သိန်း ၁၃၀ တောင်းယူခဲ့သည့် ရွှေဘိုမြို့နယ် ရဲမှူး အပါအဝင် ဝန်ထမ်း ၃ဦးကို ဖမ်းဆီးအရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် နယ်အုပ်ချုပ်ရေးမှူး ကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့က ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ပြီး လူငယ်တစ်ဦးကို စစ်ဆေးခဲ့သည်။
စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက် ၂၄ နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်သဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
၎င်း၏ မိဘများထံသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူတစ်ဦးကို လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့ကြောင်း သိရသည်။
ထိုနောက် ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက အဆိုပါ တောင်းခံမှု ငွေအား သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ငွေကျပ်သိန်း ၁၃၀ ကို ရွှေဘို မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်က ၂၅ သိန်း၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ၃၀ သိန်းအသီးသီး ခွဲယူခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ် ၁ ရပ်ကွက်တွင်နေထိုင်သူ သန်းစိုးထိုက်က ၅၀ သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြကြောင်း သိရသည်။
ရွှေဘို မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့် တို့ကို စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ယင်းနောက်တွင် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ ပြန်လည် ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။