အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့သည် မြို့တော် စစ်တွေမြို့အနီးဝန်းကျင်တွင် နေ့တိုင်းတိုက်ပွဲဖြစ်ပွားနေသည်ဟု AA က ဇန်နဝါရီလ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါ ပစ်ခတ်မှုများနှင့် ဒရုန်းပစ်ခတ်မှုများမှာ နေ့တိုင်းရှိနေပြီး ယင်းလက်နက်ကြီးများသည်လည်း အရပ်သားများနေထိုင်ရာ ကျေးရွာများကို ကျရောက် ပေါက်ကွဲနေခြင်း ဖြစ်သည်။
စစ်တွေမြိုခံတစ်ဦးကလည်း အာကျိတ်တော်ကုန်းရှိ အမှတ် ၁၂ ရဲတပ်ရင်းကနေ အမြောက်လက်နက်ကြီးဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်းဒေသများနှင့် စစ်တွေမြို့အနီးအနားက ကျေးရွာများကို ပစ်ခတ်နေကြောင်း Western News ကို ပြောသည်။
“အမှတ် ၁၂ ရဲတပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ကန်တော်ကြီးရပ်ကွက်ရှိ ၃၅၄ တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ပါဒလိပ်က တပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ လက်နက်ကြီးသံတွေကြားရင် ဒေသခံတွေ အရမ်းစိုးရိမ်နေရတာ။ လက်နက်သံတွေကြားရင် အိမ်ပြင်မထွက်ရဲတော့ဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း နေ့ခင်း ကင်းလှည့်တာတွေ နေ့တိုင်းနီးပါးရှိပါတယ်” ဟု ပြောသည်။
စစ်တွေမြို့ ရွှေမင်းဂံရေတပ်စခန်းကလည်း ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်မှုရှိနေ၍ ပေါက်တောမြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်း ဘေးလွတ်ရာသို့ ပြောင်းနေထိုင်နေရကြောင်းလည်း သိရသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရနိုင်ခြေရှိသည့် သဝင်ချောင်း၊ ကြိမ်ခွေမော်၊ မနော်သီရိ၊ လက်ပံပြား၊ မြေငူကျွန်းရှိ ဂြင်းချောင်း၊ ချောင်းဝ၊ မင်းတဲ၊ ယာတိုက်ကျေးရွာမှ ဒေသခံများမှာ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
“ဒီရွာတွေက အရင်ကတည်း စစ်ရှောင်ခဲ့ရတယ်။ အခုလည်း စစ်တွေက စစ်ကောင်စီရဲ့ လက်နက်ကြီး အန္တရာယ်တွေကြောင့် ထပ်မံ စစ်ရှောင်ရပြန်တယ်။ ရခိုင်ပြည်မှာ စစ်ကောင်စီမရှိမှ အေးချမ်းမယ်။ ဒီစစ်ခွေးတွေ ရှိနေသ၍ကတော့ ပြည်သူလူထုကတော့ အသက်န္တရာယ်နဲ့ ကြုံနေရအုံးမယ်” ဟု ရန်ကုန်ရောက် ပေါက်တော ဒေသခံတစ်ဦးက ပြောသည်။
စစ်တွေမြို့ ကံကော်ကျွန်းရှိ စစ်ကောင်စီတပ်မှ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
စစ်တွေမြို့အနီး အပြန်အလှန် တိုက်ခိုက်မှုများထဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများ ပိုများပြားသည်ဟုလည်း ဆိုသည်။
စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အနီးတို့တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့မှာ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အား၊ လက်နက်အင်အား အများအပြားကို ဖြည့်ဆည်းထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။