Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်းအကျိုး စီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

“မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိပါသည်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။

တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် နိုင်ငံရေးနည်းနှင့် တွေ့ဆုံဆွေးနွေးခြင်းနည်းများက သာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန် လာနိုင်မည်ဟု မင်းအောင်လှိုင်က ထပ်မံ ပြောသည်။

မြန်မာနိုင်ငံ၏ ရပ်တည်ရှင်သန်ရေးကို ကိုယ်စွမ်းကိုယ်စနှင့် မထိန်းသိမ်းနိုင်လျှင် နိုင်ငံ၏ အချုပ်အခြာအာဏာ အားနည်းပြီး သူတစ်ပါးလက်အောက်ခံ ဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုကြရမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူများ အနေဖြင့် ငြိမ်းချမ်းသာယာ အေးချမ်းပျော်ရွှင်စွာဖြင့် အသက်မွေးလိုသော ဆန္ဒရှိကြကြောင်းလည်း မင်းအောင်လှိုင်က ပြောနေသည်။

ဆက်စပ်သတင်းများ